ညောင်ရွှေမြို့နယ်၊ ညောင်လေးပင်ကျေးရွာအနီးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဘက်က ၄၀ကျော် သေဆုံးခဲ့သလို တော်လှန်ရေးတပ်ဖွဲ့ဝင် ၅ဦးလည်း ကျဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထံက သိရပါတယ်။
ဧပြီလ ၁၃ရက်က ဖြစ်ပွားတဲ့ တိုက်ပွဲမှာ ၁၀၀၉ တပ်ရင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်မှ တပ်ခွဲ(၁)၊တပ်စိတ်(၁)မှ ပ-တပ်စိပ်မှုးရဲဘော်အောင်ကြီးနဲ့ တပ်ခွဲ(၁)၊တပ်စိတ်(၁)မှ ဒု-တပ်စိပ်မှုးရဲဘော် အယ်ဝိုင်းတို့ ကျဆုံးခဲ့သလို Free Burma Ranger – FBR တပ်ကလည်း ရဲဘော်စိုင်းသွေး၊ ၁၀၀၆ တပ်ရင်း ဖယ်ခုံ PDF -2 ရဲဘော် ၁ဦးဖြစ်တဲ့ ရဲဘော်ဒေးဗစ်နဲ့ ပျားစစ်ကြောင်းက ရဲဘော်အနဲစတို့ တို့လည်း ကျဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
အသက်ပေးလှူကြရတဲ့ရဲဘော်တွေရဲ့ မပြီးဆုံးသေးတဲ့ စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးကို IPDF ရဲဘော်တွေက ဆက်လက်တာဝန်ထမ်းဆောင်သွားမယ်လို့ အင်းလေး PDF က ဧပြီလ ၁၅ရက်မှ ထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၄၀ ကျော် သေဆုံးပြီး အလောင်းတွေကို ခုချိန်ထိ လာမကောက်နိုင်သေးဘူးသလို ဒဏ်ရာရထားတဲ့ စစ်ကောင်စီတပ်သား ၂၀ ကျော်ကိုလည်း အောင်ပန်းခုတင် ၇၀၀ စစ်ဆေးရုံကို ပို့ဆောင်ခံထားရတယ်လို့ တပ်တွင်းတိကျတဲ့သတင်းရင်းမြစ်ထံက သိရပါတယ်။