အကြမ်းဖက်အာဏာသိမ်းစစ်တပ်ကို တူမီးနဲ့ စခဲ့တဲ့ တော်လှန်ရေးရဲဘော်တချို့ ပထမဆုံး အသက်ပေးလှူခဲ့ကြတဲ့ ၂နှစ်ပြည့်တဲ့ နေ့ရက်ဖြစ်တယ်လို့ Ywangan PDF (JPRF)က ဒီကနေ့ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ၊ဧပြီ ၁၅ ရက် အခုလိုနေ့မျိုးမှာ ရွာငံဒေသ တောင်ဦးရွာ အနီးမှာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို “တူမီးနဲ့ စတင်ရင်ဆိုင်ခဲ့ကြရင်း ရဲဘော်ထူး၊ စီဂျေး၊ ဒီမွန်၊ ဘဘကြီး၊ ကိုဇေယျာအောင်တို့ဟာ တိုင်းပြည်အတွက်မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့တယ်”လို့ ဆိုပါတယ်။
Ywangan PDF (JPRF)က ဒီကနေ့ ကျန်ရှိနေတဲ့ ရဲဘော်တွေက ကျဆုံးသွားတဲ့ရဲဘော်တွေကိုယ်စား တော်လှန်ရေးတာဝန်တွေကို ဆတိုးထမ်းရွက်သွားပါမယ်လို့ သစ္စာအဓိဌာန်ပြုရင်း ကျဆုံးသွားသော ရဲဘော်တွေကို လွမ်းဆွတ်တမ်းတ အောက်မေ့သတိရမိတယ်လို့ ဆိုပါတယ်။
ဆက်လက်ပြီး တော်လှန်ရေးတာဝန်တွေကို ဆတိုးထမ်းရွက်သွားဖို့ဆိုရင်”အရာရာကို သည်းခံပြီး နေနိုင်ပေမယ့် တိုက်ပွဲသွားချိန်မှာတော့ လိုအပ်တဲ့ပစ္စည်းတွေ ၊ လိုအပ်တဲ့ကျည်ပမာဏတွေနဲ့ လုံလုံလောက်လောက်သွားချင်ပါတယ်”လို့ Ywangan PDF (JPRF)က ဆိုပါတယ်။
ဒါကြောင့်မို့ ကျည်တစ်တောင့်က အသက်တစ်ချောင်းကို အလွယ်လေးနုတ်ယူနိုင်တာမလို့ ရဲဘော်လေးတွေကို ကျည်အလုံအလောက်နဲ့ရှေ့တန်း သွားနိုင်အောင် ပြုလုပ်ပေးနေတဲ့ Campaignမှာ ပါဝင်ပေးကြဖို့အတွက်လည်း တိုက်တွန်းထားပါတယ်။