ကချင်ပြည်နယ် ဆော့လော်မြို့နယ်ရှိစစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့မနက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့က အတည်ပြုသည်။
ဆော့လော်မြို့အနီး ငါးမောဖွပ်ဒေသရှိ နယ်ခြားစောင့်တပ်စခန်းတစ်ခုကို ဧပြီ ၁၆ရက် နံနက် ၇နာရီတွင် သိမ်းနိုင်ခဲ့ကြောင်း သတင်းဖော်ပြချက်အပေါ် စစ်ရေးသတင်းရင်းမြစ် ၂ဦးက မှန်ကန်ကြောင်း အတည်ပြုသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့များသေဆုံးထိခိုက်၊ အရှင်ဖမ်းဆီးရရှိမှုနှင့် လက်နက်ခဲယမ်း ရရှိမှု အခြေအနေများကိုဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့လည်း ဆက်သွယ်မေးမြန်းထားသည်။
အခြား သတင်းရင်းမြစ်တစ်ဦးကမူ ငါးမောဇွပ် ပန်ဝါ ပြည်သူ့စစ် စခန်းငယ်အား သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးထားသည်။
အဆိုပါဒေသရှိ နယ်ခြားစောင့်တပ်(BGF)နှင့် ပြည်သူ့စစ်များသည် ဦးစခုန်တိန့်ယိမ်း ဦးဆောင်သည့် ကချင်ဒီမိုကရေစီသစ်တပ်မတော်(NDA-K) က ဖွဲ့စည်းထားသည့် တပ်များဖြစ်သည်။
KIA အနေဖြင့် ယခု ဧပြီလတွင်ဆော့လောဒေသရှိ ပြည်သူ့စစ်စခန်းနှင့် နယ်ခြားစောင့်စခန်းများအား စတင်တိုက်ခိုက်ခဲ့ရာ ဧပြီ ၁၁ရက်မှ ၁၆ရက် နေ့အတွင်း တပ်စခန်း သုံးခုကိုသိမ်းပိုက်ထားပြီးဖြစ်သည်။
ဆော့လော်မြို့သွားလမ်း မျှော်ဇန်ကူး နယ်ခြားစောင့်တပ် (၁၀၀၁) တပ်စိပ် စခန်းအား ဧပြီ ၁၂ရက် တွင် သိမ်းပိုက်ခဲ့ပြီး ဧပြီ ၁၁ရက်က ချီဖွေမှ ဆော့လော်မြို့သွားလမ်းပေါ်ရှိ မျှော်ဂျောင် ပန်ဝါ ပြည်သူ့စစ်စခန်းအား KIA ကသိမ်းပိုက်ခဲ့သည်။ အဆိုပါစခန်းသိမ်းတိုက်ပွဲများအတွင်း လူနှင့် လက်နက်ရရှိမှု ရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က အသိပေးထားသည်။