ရခိုင်ပြည် ကျောက်ဖြူမြို့ ဒေသခံ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီဝင်ဟောင်း ဦးထွန်းလွင်ကို အာဏာသိမ်းစစ်ကောင်စီက မတရားဖမ်းဆီးသွားကြောင်း မိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးထွန်းလွင်ကို ဧပြီလ ၁၄ ရက်နေ့ နံနက် ၉ နာရီခန့်က ကျောက်ဖြူမြို့ရှိ ၎င်း၏ နေအိမ်သို့ စစ်ကောင်စီတပ်သားများ လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။
ဦးထွန်းလွင်သည် အသက် ၆၀ အရွယ်ရှိသူဖြစ်ပြီး ALD ပါတီဝင်ဟောင်းတစ်ဦးဖြစ်သလို ကျောက်ဖြူဒေသတွင် ဆားလုပ်ငန်းလုပ်ကိုင်နေသော အရပ်သားတစ်ဦးလည်းဖြစ်သည်။
ဦးထွန်းလွင်နှင့်နီစပ်သူတစ်ဦးက ” သူ့ကို စစ်ကောင်စီက ဘာကြောင့်ဖမ်းဆီးသွားတာ အတိအကျ မသိရဘူး။ သူက အရင်က နိုင်ငံရေးလှုပ်ရှားသူဆိုပေမယ့် လက်ရှိမှာ ဆားလုပ်ငန်း လုပ်ကိုင်နေတဲ့ ရိုးရိုး အရပ်သားပြည်သူတစ်ဦးပဲ ဖြစ်ပါတယ်။ ဘာကြောင့် ဘာပုဒ်မနဲ့ ဖမ်းဆီးတယ်ဆိုတာ စစ်ကောင်စီဟက ဘာမှ မပြောဘူး။ မတရားဖမ်းဆီးခံရတာပါ။ ” ဟု ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ဦးထွန်းလွင်ကို ကျောက်ဖြူခြေစိုက် ခလရ ၃၄ တပ်ရင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး မိသားစုဝင်များနှင့် အဆက်အသွယ်ဖြတ်ထားကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဦးထွန်းလွင်ကို ဖမ်းသွားသည့်အပြင် ၎င်း၏ နေအိမ်ကိုလည်း မွှေနှောက်ကာ ကွန်ပျူတာ တစ်လုံးနှင့် ဖုန်း နှစ်လုံးကိုပါ သိမ်းဆည်းသွားကြောင်း သိရသည်။
ရခိုင်ပြည်အတွင်း တကျော့ပြန်တိုက်ပွဲအတွင်း စစ်ကောင်စီသည် အာရက္ခတပ်တော် AA နှင့် ဆက်သွယ်သည်ဟုဆိုကာ အကြောင်းအမျိုးမျိုးပြပြီး အရပ်သားပြည်သူများအပေါ် မတရားဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းနှင့် အရပ်သားပြည်သူများအား လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုူများကို ဆက်တိုက်ပြုလုပ်လျှက်ရှိနေသည်။
အာရက္ခတပ်တော် AA ကမူ စစ်ကောင်စီအနေဖြင့် ရခိုင်ပြည်သူများအပေါ် မတရားကျူးလွန် ရက်စက်ကြမ်းကြုတ်မှုများကို ပြုလုပ်နေပါက ရေအဆုံးမြေအဆုံး လိုက်လံ၍ ရှင်းလင်းမည်ဟု သတိပေးပြောဆိုထားသည်။