ကချင်ပြည်နယ် တနိုင်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုအား ယနေ့ ဧပြီ ၁၇ရက် မနက်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်သိမ်းပိုက်ခဲ့ဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။
ခလရ(၂၉၇)၏ တနိုင်းမြို့နယ် နွယ်ဂျဲဘွမ် ရှေ့တန်းစခန်းကုန်းကို ယနေ့ မနက် ၉နာရီ ၅၄ မိနစ်တွင် သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။
“စကစ သေဆုံးထိခိုက် တော့ မသိရသေး။ လက်နက်တွေတော့ ရတယ်” ဟု စစ်ရေးသတင်းရင်းမြစ်ကပြောသည်။
အဆိုပါ တပ်စခန်းကို KIA တပ်ရင်း (၁၄) တပ်ဖွဲ့များက သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟုအခြားစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပြသည်။
KIAသည် ပြီးခဲ့သည့် ရက်ပိုင်းများအတွင်းက ဆော့လော်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်တပ်စခန်း အချို့ကို သိမ်းပိုက်ခဲ့ရာ လူနှင့် လက်နက်များ ရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် အချို့က အသိပေးထားသည်။
ထို့ပြင်ဧပြီ ၁၄ ရက်ကလည်း မြစ်ကြီးနားမြို့နယ် မြစ်ကြီးနား-နမ္မတီး ကြားရှိ အကဲရွာတွင် ယာယီ တပ်စွဲထားသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို KIAက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ခလရ(၁၃) မှ ဒုဗိုလ်မှူးကြီး နိုင်နိုင်ဝင်း အပါအဝင် စစ်ကောင်စီ ၆ဦး သေဆုံးကာ ၈ဦး ဒဏ်ရာရခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။
အဆိုပါ ဒုဗိုလ်မှူးကြီး နိုင်နိုင်ဝင်းသည် DSA (၄၂) ကျောင်းဆင်းဖြစ်သည်ဟုဆိုသည်။ ၎င်းသည် ရှေ့တန်းသို့ လိုက်ပါသွားပြီး ၂ရက်အကြာတွင် တိုက်ပွဲ ၌ ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု လူထုနွေဦးကစုံစမ်းသိရသည်။
ဧပြီ ၁၆ ရက်တွင် လူထုနွေဦးက ကနဦးသတင်းဖော်ပြရာတွင် ဒုဗိုလ်မှူးကြီး နိုင်နိုင်ဝင်း နှင့်စစ်သားများမှာ ကော့ကရိတ် မြို့နယ်တိုက်ပွဲ၌သေဆုံးခြင်းဖြစ်နိုင်ကြောင်းဖော်ပြခဲ့သည်။အမှန်တွင် ကချင်ပြည်နယ်တိုက်ပွဲ၌ သေဆုံးခဲ့ခြင်းဖြစ်နေသည်။