ကရင်ပြည်နယ် ၊ မြဝတီမြို့ကို လာနေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အောင်ဇေယျ နာမည်ပေးထားတဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ရှေ့ဆက်မတိုးနိုင်အောင် ဖြတ်တောက် တိုက်ခိုက် ထားတယ်လို့ KNU ဗဟိုက ဒီနေ့မနက်မှာ ထုတ်ပြန်အသိပေးထားပါတယ်။
“မြဝတီမြို့တွင် နောက်ဆုံးကျန်ရှိတဲ့ ခလရ−၂၇၅ တပ်စခန်းကို ဧပြီလ (၁၁) ရက်နေ့မှာ တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီက မြဝတီမြို့ကို ပြန်လည်ရရှိဖို့ “အောင်ဇေယျ” အမည်နဲ့ နိုင်ငံတော်အဆင့် စစ်ဆင်ရေးတစ်ရပ်ဖော်ဆောင်ပြီး လာတဲ့လမ်းတစ်လျှောက် အဆတ်မပြတ် တိုက်ခိုက်နေတယ်”လို့ KNU ဗဟိုက ထုတ်ပြန်အသိပေးထားတာပါ။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဦးဆောင်ပြီး ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့က အကြမ်းဖက် စစ်ကောင်စီရဲ့ မြဝတီမြို့ပြန်လည်ရရှိဖို့ “အောင်ဇေယျ” အမည်နဲ့ စစ်ဆင်ရေးကို ရှေ့ဆက်မတိုး နိုင်အောင် ဖြတ်တောက်ထားတာလို့ KNUက ဆိုပါတယ်။
“ထိုးစစ်ဆင်လာတဲ့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ သူတို့လာရာလမ်း တစ်လျှောက် စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေနေထိုင်ရာ နေရာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ် သလို လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေကြောင်း အပြစ်မဲ့ ပြည်သူတွေထိခိုက် သေဆုံးတာနဲ့ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးခဲ့တယ်”လို့ KNU ဗဟိုက ထုတ်ပြန်အသိပေးထားတာပါ။
ဒီလိုဖြတ်တောက်တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်ကောင်စီဘက်က သံချပ်ကာယာဉ် အပါအဝင် စစ်သုံးကားတွေ ၊ အကြမ်းဖက်စစ်သားတွေ ထိခိုက်သေဆုံးနေပြီး ရှေ့ဆက်မတိုးနိုင်ဘဲ ဒေါနတောင်တန်းအနောက်ဘက် တောင်ခြေမှာသာ ရပ်တန့်နေတယ်လို့ ဆိုပါတယ်။