ကရင်နီပြည်နယ်မှာရှိတဲ့ လူငယ်အကယ်ဒမီကောလိပ် -YAC ကနေ လူငယ်တွေရဲ့ အနာဂတ်အတွက် ပညာတွေမျှဝေသင်ကြားပေးနေပြီး လက်ရှိမှာ အယောက် ၆၀ ကို သင်ကြားနေတယ်လို့ ကောလိပ်တည်ထောင်သူ ကိုခူးပရေးရယ်က ပြောပါတယ်။
“ကရင်နီမှာ ပညာရေးအခန်းကဏ္ဍအတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့အတွက် ပြင်နေတာပေါ့။ လူငယ်တွေ လေလွင့်နေတာတွေ လျော့ကျလာအောင်လုပ်မယ်ဆိုပြီးတော့ပေါ့။ ကောလိပ်ကနေ ဆင်းရင်လည်း လက်တွေ့အသုံးချနိုင်တဲ့အဆငိ့အထိ ဖြစ်စေချင်တယ်ပေါ့။ အခုထိတော့ ပထမဆုံး Batch ကို ဆက်သင်ပေးနေသေးတယ်ပေါ့နော်”
ပညာရေးက လူငယ်တွေရဲ့ အခြေခံအုတ်မြစ်ဖြစ်တာကြောင့် YAC ကနေ လူငယ် အယောက် ၆၀ ရဲ့ ပညာရေးပိုင်းတွေနဲ့ စားဝတ်နေရေးအတွက်ကိုပါ တာဝန်ယူပြီး ကျောင်းအိပ်ကျောင်းစားပုံစံနဲ့ ထိထိရောက်ရောက်သင်ကြားပေးနေတယ်လို့ သိရပါတယ်။
ကောလိပ်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ဘာသာရပ်တွေအနေနဲ့ ကရင်နီစာပေနဲ့သမိုင်း၊ အင်္ဂလိပ်စာ၊ ကွန်ပျူတာပိုင်းဆိုင်ရာ၊ အွန်လိုင်းကနေ လေ့လာနည်း၊ သုတေသနပိုင်းဆိုင်ရာ၊ လူမှုသိပ္ပံစီးပွား၊ ခေါင်းဆောင်းမှုပိုင်းဆိုင်ရာ၊ စကောလားရှစ်အတွက် ပြင်ဆင်မှုပိုင်းဆိုင်ရာ စတဲ့ ဘာသာရပ်တွေကို သင်ကြားပေးနေပြီး ကျောင်းပြီးသွားတဲ့ လူငယ်တွေအနေနဲ့ ကရင်နီပြည်အတွက် ၂ နှစ် တာဝန်ထမ်းဆောင်ရမယ်လို့ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
စားဝတ်နေရေးနဲ့ လိုအပ်ချက်တွေ၊ အခက်အခဲတွေကြားကနေ လူငယ်တွေရဲ့ အနာဂတ်အတွက် ပညာရပ်တွေကို မျှဝေပေးနေပြီး ကရင်နီပြည်ရဲ့ အနာဂတ်မျိုးဆက်သစ်တွေကို မွေးထုတ်ရင်း နောက်လာမယ့် ၂၀၂၅ ခုနှစ်မှာလည်း လူငယ်တွေကို ဆက်လက်ခေါ်ယူပြီး ပညာသင်ကြားပေးသွားမယ်လို့ သိရပါတယ်။