ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ တောတွင်းတစ်နေရာမှာ စစ်ရှောင်နေရတဲ့ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်က ခြိမ်းခြောက်ပြီး အဓ္ဓမပြုကျင့်ဖို့ ကြိုးစားခဲ့တယ်လို့ အဲဒီ အမျိုးသမီးနဲ့ နီးစပ်သူ တစ်ဦးဆီက သိရပါတယ်။
ဆီဆိုင်မြို့ ခြေမြန်တပ်ရင်း (ခမရ) ၄၂၃ တပ်က တပ်သားညီညီနိုင်ဟာ ဧပြီလ ၁၄ ရက်နေ့မှာ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ တဲနားကို ရောက်လာပြီး စစ်ဘေးရှောင် အမျိုးသမီးကို သေနတ်နဲ့ ခြိမ်းခြောက်ကာ တဲပေါ်ကို အတင်းအဓ္ဓမ ဆွဲခေါ်သွားတယ်လို့ ဆိုပါတယ်။
“ဖြစ်စဉ်က ၁၄ ရက်နေ့ကတည်းက ဖြစ်သွားတယ်ဆိုပေမယ့် ကျူးလွန်ခံရတဲ့ အမျိုးသမီးက လုံခြုံတဲ့နေရာ ရောက်မှ သတင်းပေးရတာပေါ့လေ။ ကြားထဲမှာ စကစ (စစ်ကောင်စီ) စစ်ကြောင်းကို ရှောင်ရတာနဲ့ ဘာနဲ့ ဆိုတော့ သတင်းက လူထုဆီရောက်တာ ကြာသွားတာပေါ့နော်။ တော်တော်လည်း ကံကောင်းတယ် ပြောရ မှာပေါ့။ စကစဆီက လွတ်မြောက်ဖို့ဆိုတာ ဘယ်လိုမှ မလွယ်ဘူးလေ။ သတ္တိလည်း ရှိမှ တော်တော်လည်း ကံကောင်းမှ လွတ်နိုင်မယ်ပေါ့” နီးစပ်သူ တစ်ဦးက ပြောပြပါတယ်။
အဓ္ဓမပြုကျင့်ဖို့ကြိုးပမ်းခဲ့တဲ့ တပ်သားညီညီနိုင်ဟာ မူးယစ်ဆေး၀ါး ပုံမှန် သုံးစွဲနေသူ ဖြစ်ပြီး တဲပေါ်မှာ ဒဏ်ရာ ရနေတဲ့ တခြား စစ်ဘေးရှောင်တွေကို ခြိမ်းခြောက်မောင်းထုတ်ကာ အဓမ္မပြုကျင့်ဖို့ ကြံစည်ခဲ့တာပဲ ဖြစ်ပါတယ်။
“လောလောဆယ် သူက လုံခြုံတဲ့ နေရာရောက်ပြီ ဆိုပေမယ့် ကြောက်နေရတာပေါ့နော်။ ဘယ်အချိန်များ ငါ့ကို တွေ့သွားမလဲ။ ငါနေတဲ့ နေရာကို ဗုံးလာကြဲရင် ငါဘယ်ပြေးရမလဲ။ ငါပြေးတဲ့နေရာက စကစ ရှိနေရင် မှတ်မိပြီး ပြန်ဖမ်းသွားမလား စိုးရိမ်ကြောက်လန့်ရတယ်ပေါ့။ ပြီးတော့ မုဒိန်းကျင့်ဖို့ ကြိုးစားနေတဲ့ မြင်ကွင်းတွေ ပြန်မြင်ယောင်ပြီး စိတ်ဒဏ်ရာ ရနေတာပေါ့” လို့ နီးစပ်သူက ဆက်ပြောပြပါတယ်။
ဆီဆိုင်မြို့တိုက်ပွဲစတင်တဲ့ ဇန်န၀ါရီလ ၂၁ ရက်နေ့ကနေ ဧပြီလ ၁၃ ရက်နေ့အထိ ၃ လ နီးပါးကောက်ယူထားတဲ့ စာရင်းတွေအရ စစ်ဘေးတိမ်းရှောင်နေရသူ ၇၀,၀၀၀ ကျော်ရှိပြီး စား၀တ်နေရေးအကူအညီတွေ လိုအပ်နေတယ်လို့ ပအို၀်းလူငယ်အစည်းအရုံး (PYO) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။