ကချင်ပြည်နယ်၊ဗန်းမော်မြို့တွင်ဧပြီ ၂၀ ရက်က မိုးသက်လေပြင်းကျရောက်ပြီး မိုးသီးများကြွေကျရာ နေအိမ်အဆောက် အအုံအချို့ ပျက်စီးမှုများရှိခဲ့ကြောင်းဒေသခံများကပြောသည်။
ဗန်းမော်မြို့နှင့်အနီးတစ်ဝိုက်တွင် ဧပြီ ၂၀ရက်ညနေပိုင်းက မိုးသည်းထန်စွာရွာပြီး လေပြင်းလည်း တိုက်ခိုက်ကာ တချိန်တည်းတွင်မိုးသီးများလည်းကြွေကျခဲ့သည်ဟု ဒေသခံများကပြောသည်။
“အရမ်းကိုဆိုးပါတယ်။မိုးသီးတွေလည်းကြွေတာဟုတ်တယ်။
ပျက်စီးတဲ့အိမ်တွေလည်းများတယ်”ဟု မြို့ခံတစ်ဦးကပြောသည်။
လေပြင်းနှင့်မိုးသီးကြောင့်နေအိမ်များ အမိုးလန်ခြင်း ၊အမိုးများပေါက်ပြဲခြင်း များဖြစ်ခဲ့သည်။ ထို့အပြင် ဓါတ်တိုင်မျာလဲခြင်း၊ စာသင်ကျောင်းအချို့လည်း ပျက်စီးခဲ့သည်။မိုးသီးများသည် ကွမ်းသီးလုံးခန့်ရှိပြီး နေအိမ်များ၏ အမိုးများပျက်စီးခဲ့သည်။
ဧပြီ ၂၀ ရက်ညက ကချင်ပြည်နယ်ရှိ ဗန်းမော်မြို့နယ်အပြင် ဖားကန့်၊ မိုးညှင်းမြို့နယ်တို့တွင်လည်း မိုးရွာသွန်းခဲ့သည်။
ဧပြီလ ၁၇ရက်နှင့် ၁၈ရက်ကလည်း ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ချင်းပြည်နယ် မကွေးတိုင်းတို့မှ မြို့နယ်အချို့တွင် လေပြင်းတိုက်ခတ်ပြီး မိုးကြိုးပစ်သည့်ဖြစ်စဉ်များ၊ မိုးရွာသည့်ဖြစ်စဉ်များဖြစ်ပွားခဲ့သည်။
ဧပြီလအတွင်း ရေငွေ့ပါသောလေများသည် မြန်မာနိုင်ငံပေါ်သို့ တိုးဝင်လာနိုင်သဖြင့် မိုးတိမ်တောင်များ ဖြစ်ထွန်းပြီး အချိန်အခါမဟုတ် မိုး နှင့် မိုးတိမ်တောင်အန္တရာယ်ကိုသတိပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာန(MOHADM)က သတိပေးထားသည်။မိုးတိမ်တောင်ဖြစ်စဉ်ကြောင့် ရုတ်တရက်လေပြင်းတိုက်ခိုက်ခြင်း၊မိုးကြိုးပစ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းတို့ဖြစ်နိုင်သည်။