ကချင်ပြည်နယ်၊ မြစ်ကြီးနားထောင်တွင် လျှော့ရက်ခံစားခွင့် မပေးသဖြင့် ထောင်တွင်း ဆန္ဒပြသည်ကို စစ်တပ်က ပစ်ခတ်ခဲ့ရာမှ နိုင်ငံရေးအကျဉ်းသားဖြစ်သည့် ကိုအောင်နိုင်ထွန်းနှင့် ကိုကျော်စိုးဝင်းတို့ ၂ ဦး အပါအဝင် အကျဉ်းသား ၄ ဦး သေဆုံးခဲ့ပြီး သေဆုံးသူများကို ယမန်နေ့သဂြိုလ်ပြီးစီးပြီဖြစ်ကြောင်း အကျဉ်းထောင်သတင်းရင်းမြစ်ထံမှ သိရှိရသည်။
ဧပြီလ ၁၈ ရက်နေ့ နေ့လယ် ၄ နာရီဝန်းကျင်အချိန် စစ်ကောင်စီက ပေးသည့် လွတ်ငြိမ်းခွင့်နှင့်ပတ်သက်ပြီး မကျေနပ်မှုများ ဖြစ်ပေါ်ကာ အကျဉ်းသားများနှင့် အကျဉ်းဦးစီးဝန်ထမ်းများ စကားများကြကြောင်း၊ ယင်းနောက် ထောင်တွင်း ဆန္ဒပြမှုဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်က ထောင်တွင်းသို့ ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း၊ နိုင်ငံရေးအကျဉ်းသား ရဲဘော် ၂ ဦး အပါအဝင် ၄ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောကြားသည်။
“နိုင်ငံရေး အကျဉ်းသား ၂ ဦးသေဆုံးသွားတာ။ ဒီလိုမျိုး ဥပဒေမဲ့ လုပ်ရပ်တွေကို ၂၀၂၄ မှာ စစ်ကောင်စီရဲ့ လက်အောက်ခံ ရဲနဲ့ အကျဉ်းဦးစီးက ပေါ်ပေါ်ထင်ထင်ကို ကျူးလွန်နေတာဖြစ်တဲ့အတွက် အကျဉ်းထောင်တွေကို နိုင်ငံတကာအနေနဲ့ လုံးဝလက်လွှတ်ထားလို့ မရဘဲနဲ့ အမြဲတမ်း စောင့်ကြည့်ဖိအားပေးဖို့ ကျွန်တော်တို့က တောင်းဆိုချင်ပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောကြားသည်။
စစ်တပ်က နိုင်ငံရေးအကျဉ်းသားများကို ဥပဒေမဲ့ သတ်ဖြတ်ပြီးနောက် မိသားစုကို အကြောင်းကြားစာ ပေးပို့ခြင်းဖြင့် နိုင်ငံရေးအကျဉ်းသားများ အသက်ကို တန်ဖိုးမရှိသယောင် လုပ်ဆောင်နေကြောင်း ၊ ဧပြီလ ၂၁ ရက်နေ့တွင် သေဆုံးသွားသော အကျဉ်းသား ၄ ဦး ၏ နာရေးကို သဂြိုလ်ခဲ့ပြီး ကျဆုံးသွားသည့် နိုင်ငံရေးအကျဉ်းသားကိုကျော်စိုးဝင်း၏ နာရေးကို မိသားစုဝင်များ လာရောက်နိုင်ခြင်းမရှိကြောင်း သိရှိရသည်။