ချင်းပြည်နယ် ဟားခါးမြို့ မြို့သစ်ရပ်ကွက်မှ ဆိုင်ခန်းများအား ဇွန်လ ၂၀ရက်နေ့အထိ ဆိုင်ဖွင့်လှစ်ရောင်းချခြင်းမပြုရန် စစ်ကောင်စီ၏ ဟားခါးမြို့နယ်ထွေအုပ်က ယနေ့ အမိန့်ထုတ်ပြန်သည်။
ဧပြီ ၁၂ရက်က ဟားခါးမြို့ မြို့သစ်ရပ်ကွက်အတွင်း၌ စစ်ကောင်စီ အရာရှိများ၏ယာဉ်တန်းဖြတ်သန်းစဉ် ချင်းကာကွယ်ရေးတပ် CDF များကရပ်ကွက်အတွင်း နေအိမ်များ၊ ဆိုင်ခန်းများ၊ ဘုရားကျောင်းများအား အကာအကွယ်ယူပြီး ပစ်ခတ်တိုက်ခိုက်ခဲ့၍ အရာရှိအချို့ အပါအဝင် ထိခိုက်ဒဏ်ရာ ရသူများရှိခဲ့ကြောင်း ဖော်ပြကာ ထိုသို့ တိုက်ခိုက်ခဲ့၍ ယခုကဲ့သို့ တားမြစ်သည်ဟု အကြောင်းကြားစာတွင်ဖော်ပြထားသည်။
အဆိုပါ တိုက်ခိုက်မှုအား မြို့သစ်ရပ်ကွက်အတွင်းရှိ လူနေအိမ် ၊ဆိုင်ခန်း၊ ဘုရားကျောင်းများမှ CDF များအား လက်ခံကာ အကာအကွယ်ယူ၍ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလည်းစွပ်စွဲထားသည်။ထို့ကြောင့် မြို့သစ် ရပ်ကွက်ရှိ လက်လီလက်ကား စျေးဆိုင်များ တစုံတရာ ရောင်းချခြင်းပြုလုပ်သည့် မည်သည့် ဆိုင်မဆို ဖွင့်လှစ်ခြင်းမပြုရန် နှင့် ဘုရားကျောင်းများတွင် လူ ၅ဦးနှင့် ၅ဦးထက်ပို၍ စုဝေးခြင်းမပြုရဟုလည်းဆိုသည်။
အမိန့်ကို လိုက်နာခြင်းမရှိပါက အရေးယူမည်ဟု ခြိမ်းခြောက်ထားပြီး အမိန့် ကြေညာချက် ထုတ်ပြန်သည့်နေ့မှစ၍ ၂၀၂၄ ဇွန်လ ၂၀ရက်နေ့အထိနောက်ထပ်အမိန့်မထုတ်ပြန်မချင်း အတည်ဖြစ်ကြောင်းဖော်ပြထားသည်။
မြို့သစ်ရပ်ကွက်တွင် ဧပြီ ၁၂ရက်က ပြည်နယ်စစ်ကောင်စီဝန်ကြီးယာဉ်တန်းဖြတ်သန်းစဉ် ချင်းကာကွယ်ရေးတပ် (CDF)-ဟားခါးက တိုက်ခိုက်ခဲ့ရာ ဝန်ကြီးအချို့အပါအဝင် ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့သည်။
စစ်ကောင်စီ၏ ပြည်နယ်ဝန်ကြီး ၂ ဦး နှင့် လုံခြုံရေးတပ်ဖွဲ့များလိုက်ပါလာသည့် ယာဉ်တန်းသည် လက်နက်ငယ်ဖြင့် တိုက်ခိုက်ခံရပြီး ဒဏ်ရာရရှိသူများ ရှိခဲ့သည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)က အသိပေးထားသည်။