တနင်္သာရီ ပကဖ နဲ့ မြိတ် ပကဖ ဆေးတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဒုတိယ အကြိမ် တော်လှန်သင်္ကြန် စျေးရောင်းပွဲ ကမ်ပိန်းကနေ ငွေကျပ် ၃၆ သိန်းကို ရရှိခဲ့တယ်လို့ တနင်္သာရီ ပကဖရဲ့ ဒီနေ့ ထုတ်ပြန်တဲ့ ရန်ပုံငွေ ရှင်းတမ်းမှာ ဖော်ပြပါတယ်။
တော်လှန်သင်္ကြန် ကမ်ပိန်းကို ဧပြီ ၁၃ ရက် ကနေ ၁၅ ရက်အထိ ၃ ရက်တာ စျေးရောင်းချခဲ့တာဖြစ်ပြီးတော့ သက်ဆိုင်ရာ တပ်ဖွဲ့အလိုက် ရှေ့တန်းမြေပြင် ရဲဘော်တွေကိုပါ ပါဆယ်ပို့ဆောင် ပေးခဲ့တယ် ဆိုတာနဲ့ ရပ်ဝေး၊ရပ်နီး ဒေသတွေက ရဲဘော်တွေအတွက်လည်း ငွေကြေး လွဲပြောင်းတဲ့ ဝန်ဆောင်မှုနဲ့ ကြိုက်နှစ်သက်ရာ စားနိုင်အောင် စီစဥ် ပို့ဆောင်ပေးခဲ့ပါတယ်။
အဆိုပါ ကမ်ပိန်းအပြီး ရရှိလာတဲ့ ရန်ပုံငွေ ၃၆ သိန်းကို တနင်္သာရီ ပကဖ က ၁၉ သိန်း၊ မြိတ် ပကဖက ၁၇ သိန်း အသီးသီး ခွဲဝေခဲ့ကာ ဆေးတပ်သား ရဲဘော်တွေနဲ့ မိုးရာသီမှာ ပြုလုပ်မယ့် ဆေးသင်တန်းအတွက် အသုံးပြုသွားမှာဖြစ်ပါတယ်။
ကမ်ပိန်းမှာ ရဲဘော်တွေကို မုန့်ဝယ်ကြွေးခဲ့တဲ့ အလှူရှင်တွေနဲ့ လက်မှတ်တွေ ကူရောင်းပေးတဲ့ ထောက်ပို့ ရဲဘော်တွေအားလုံးကို အထူးကျေးဇူးတင်ရှိတယ် လို့လည်း မှတ်တမ်းတင် ဂုဏ်ပြုဖော်ပြထားပါတယ်။