မန္တလေးတိုင်း၊ သပိတ်ကျင်းနယ်မြို့နယ်၊ လိပ်ကျကျေးရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးနောက် စစ်တပ်က ပြည်သူများအားဖမ်းဆီးကာ နေအိမ်များ မီးရှို့နေ၍ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။
ဧပြီ ၂၁ရက် နေ့လယ်ပိုင်းက သပိတ်ကျင်းမြို့နယ်၊အုံးဇုံးအုပ်စု၊ လိပ်ကျကျေးရွာ၏ စစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှူး လက်ဖက်ရည်ဆိုင်ထိုင်နေစဥ် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထို့နောက် ယမန်နေ့ (ဧပြီ ၂၂ရက်)တွင် စစ်တပ်က အင်အား(၈၀)ခန့်ဖြင့် လိပ်ကျကျေးရွာအား ဝင်ရောက်စီးနင်းပြီး ဒေသခံများအား ဖမ်းဆီးကာ နေအိမ် နှစ်လုံး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကင်းထောက်မြေပြင်သတင်းအဖွဲ့(စဥ့်ကူး)၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“အုပ်ကြီးအရှင်းခံရတာကြောင့် နေမယ်။ မနေ့က ရွာခံတချို့နဲ့ ခရီးသွားကား၊ဆိုင်ကယ် အကုန် ဖမ်းဆီးပြီး ဝမ်းလျားမှောက်ခိုင်းတာ တစ်နာရီကျော်လောက်ကြာတယ်တဲ့။ မသင်္ကာတဲ့နေအိမ်တွေ မွှေတယ်။”ဟု အထက်ပါအဖွဲ့ဝင်က ဆိုသည်။
အဆိုပါ စစ်တပ်ကြောင့် လိပ်ကျကျေးရွာနေ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်။
သပိတ်ကျင်းနှင့် စဥ့်ကူးမြို့နယ်များ၌ စစ်ကောင်စီတပ်လက်အောက်ခံရပ်ကျေးအုပ်ချုပ်ရေးမှူးများ ပစ်ခတ်ခံရ၍ သေဆုံးမှုများဆက်တိုက်ဖြစ်ပွားနေပြီး မတ်လ ၂၃ရက်ကလည်း သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရွာ၌ ရာအိမ်မှူး၊ရဲနှင့် ပျူစောထီးတို့ သုံးဦးအား တော်လှန်ရေးအဖွဲ့များက ဖမ်းဆီးသွားပြီးနောက် သေဆုံးခဲ့သေးသည်။