မြဝတီမြို့တိုက်ပွဲများရပ်ဆိုင်းသွားချိန်တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးနှင့် ပြည်ထဲရေးဝန်ကြီးတို့ ဝန်ကြီးသုံးဦး ယနေ့(ဧပြီ ၂၃ ရက်)ရောက်ရှိလာသည်။
အထက်ပါဝန်ကြီးသုံးဦးခရီးစဥ်တွင် တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးလည်းလိုက်ပါလာပြီး မြဝတီ-မဲဆောက် နယ်စပ်အရေးကို စဥ်ဆက်မပြတ်စောင့်ကြည့်နေကြောင်းနှင့် ထိုင်း-မြန်မာနယ်စပ်ဒေသလုံခြုံရေးကို အနီးကပ်ကြပ်မတ်ကြည့်ရှုနေကြောင်း သတင်းထောက်များကို ပြောသည်။
ထိုင်းဝန်ကြီးများသည် မဲဆောက်မြို့တွင် သက်ဆိုင်ရာဌာနဆိုင်ရာအရာရှိကြီးများနှင့်တွေ့ဆုံဆွေးနွေးခဲ့သလို အမှတ်(၁)ထိုင်း-မြန်မာချစ်ကြည်ရေးတံတားဘေးရှိ စျေးသို့လည်းသွားရောက်ကာ ဒေသခံများနှင့်တွေ့ဆုံနှုတ်ဆက်ခဲ့သည်။
ခရီးစဥ်အတွင်း ဝန်ကြီးများက မြဝတီမြို့တိုက်ပွဲများကြောင့် မဲဆောက်သို့ စစ်ဘေးရှောင်လာသည့် ဒုက္ခသည်များအရေးကို အလေးပေးဆွေးနွေးခဲ့ပြီး လူသားချင်းစာနာမှုအကူအညီများ ပေးအပ်လုပ် ဆောင်ရန် တာ၀န်ရှိမှုကိုလည်း ပြောကြားခဲ့သည်။
မြဝတီမြို့တဖက်ကမ်းရှိ မဲဆောက်မြို့သို့ ဝန်ကြီိးများရောက်ရှိနေချိန်အတွင်း ထိုင်းတော်ဝင်လေတပ်မှ F-16 တိုက်လေယာဥ်များက မဲဆောက်မြို့ကောင်းကင်ယံနှင့် နှစ်နိုင်ငံနယ်စပ်တလျှောက် ကင်းလှည့်လုံခြုံရေးယူပေးခဲ့သည်။
မြဝတီမြို့ အမှတ်(၂)ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား ဧပြီ ၁၉ ရက်ညပိုင်းကစ၍ ၃၆ နာရီခန့်ကြာ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ဧပြီ ၂၁ ရက် နံနက်ပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များက ယာယီဆုတ်ခွာသွားခဲ့သည်။ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူ၊ လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ဗုံးချခြင်း၊ ရဟတ်ယာဥ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကြောင့် အရပ်သားပြည်သူ သေဆုံး၊ ဒဏ်ရာရမှုများဖြစ်ပေါ်ခဲ့သည်။ ထို့အပြင် မြဝတီမြို့ရှိ ဒေသခံ ထောင်နှင့်ချီကာ မဲဆောက်သို့ စစ်ဘေးရှောင်ခဲ့ကြရသည်။
လက်ရှိတွင် စစ်ဘေးရှောင်ပြည်သူအများစုမှာ နေရပ်သို့ ပြန်နေကြသော်လည်း လူဦးရေ တစ်ထောင်ခန့်မှာ မဲဆောက်ရှိ ယာယီကူညီကယ်ဆယ်ရေးစခန်းများတွင် ရှိနေဆဲဖြစ်ကြောင်း မြို့ခံသတင်းရင်းမြစ်များက ပြောသည်။