ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ပေါင်းတလည်မြို့ရဲ့ အထက်တန်းကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ စစ်ရေးဂိတ်ဟာ မနေ့(ဧပြီ ၂၂) မနက် ၆ နာရီခွဲအချိန်ခန့်က အလစ်ငိုက် တိုက်ခိုက်ခံခဲ့ရတယ်လို့ သက်ဆိုင်ရာအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြည်ခရိုင်တပ်ရင်း -၃၆၀၁ (PPDF)က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တစ်ဦးပွဲချင်းပြီး သေဆုံးကာ နောက်တစ်ဦးမှာလည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
PPDF ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက “ပွဲချင်းပြီးတာတော့ မျက်မြင် အတည်ပြုတာပေါ့နော်။ ဒဏ်ရာရတာတော့ ကျနော်တို့ရဲ့ Scout (ကင်းထောက်)တွေ သတင်းပေးတာပေါ့။ လူနာတင်ကားနဲ့ လာထမ်းခေါ်သွားတာတွေ သူတို့ ပြန်ပြောပြတာပေါ့” လို့ ပြောပါတယ်။
စစ်ဆင်ရေးအပြီးမှာ PPDF တပ်ဖွဲ့ဝင်တွေ အထိအခိုက် အကျအဆုံးမရှိ ဆုတ်ခွါနိုင်ခဲ့ပြီး ပေါင်းတလည်မြို့ အဝင်အထွက်ဂိတ်တွေမှာ စစ်ကောင်စီတပ်တွေ ပိတ်ဆို့စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ပေါင်းတလည်မြို့ရဲ့ အ.ထ.ကကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ဟာ မြို့ခံတွေအပေါ် အော်ဟစ်ကြိမ်းမောင်းတာ၊ စစ်မှုထမ်းဥပဒေနဲ့ ခြိမ်းခြောက်တာ၊ ကားဒရိုက်ဘာတွေဆီ ငွေတောင်းခံတာ စတဲ့ လုပ်ရပ်တွေ ကျူးလွန်ခဲ့တာကြောင့် ဝင်ရောက်ရှင်လင်းရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
လာမယ့် စစ်ဆင်ရေးတွေမှာ စစ်ရေးအရှိန်မြှင့်လာတာနဲ့ အတူ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ နေရာတွေကို ပြတ်ပြတ်သားသား ရှင်းလင်းတိုက်ခိုက်သွားမှာ ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးပစ်မှတ် နေရာတွေကို ရှောင်ရှားသွားလာကြဖို့နဲ့ မလိုက်နာသူတွေ အနေနဲ့ တစ်စုံတစ်ခု ကြုံခဲ့ရင်လည်း PPDF အနေနဲ့ ဖြေရှင်းသွားမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဧပြီလ ၁၄ ရက်နေ့ မနက် ၈ နာရီခန့်ကလည်း ပေါင်းတည်မြို့နယ်၊ ကြို့ကုန်းအုပ်စု၊ ထန်းကုန်းရွာအနီးကို ထွက်ခွါလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို PPDF က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ၃ ဦးသေဆုံးခဲ့တယ်လို့ အဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။