မတ္တရာမြို့နယ် ၊စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူး သက်နိုင်စိုးပစ်ခတ်ရှင်းလင်းခံရပြီးနောက် စစ်ကောင်စီသည် အရပ်သားများနေထိုင်ရာကျေးရွာများကိုလက်နက်ကြီးဖြင့်ပစ်ခတ်နေကြောင်း ဒေသခံများကပြောသည်။
ဗိုလ်မှူးသက်နိုင်စိုးသည် ပြင်ဦးလွင်-မတ္တရာလမ်းရှိ မတ္တရာမြို့အဝင်မန်းကျီးသုံးပင်နေရာအနီးရှိ လက်ဖက်ရည်ဆိုင်တွင် ယမန်နေ့(ဧပြီလ ၂၄ရက်) နံနက် ၈နာရီခန့်၌ မနက်စာစားနေစဥ် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။ ၎င်းနှင့်အတူ ၃ဦးပစ်ခတ်ခံရပြီး ၂ဦးသေဆုံး ကြောင်းဒေသခံများကပြောသော်လည်း အသေးစိတ်အတည်မပြုနိုင်သေးပေ။ဗိုလ်မှူးသက်နိုင်စိုးသေဆုံးသွားကြောင်းကိုမူ အတည်ပြုချက်ရရှိထားသည်။
ဗိုလ်မှူးသတ်နိုင်စိုး ပစ်ခတ်ရှင်းလင်းခံရပြီးနောက်စစ်ကောင်စီသည် မတ္တရာမြို့စစ်တပ်ကုန်းမှာနေ၍ ကျေးရွာများဘက်သို့ လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသခံများကပြောသည်။
“ညနေက သုံးချက်ပစ်တယ်။ အခုည ၈နာရီလောက်ကစပြီး ပစ်နေပြန်တာ။ လက်နက်ကြီးကရွာကိုကျော်ပြီးကျနေလို့ တော်နေတာ။ ဘယ်သူမှမအိပ်ရဲဘူး” ဟု ပြင်ဦးလွင်-မတ္တရာလမ်းရှိ ကျေးရွာတစ်ရွာမှဒေသခံတဦးကပြောသည်။
ဗိုလ်မှူးသက်နိုင်စိုးသည် စစ်ကောင်စီ၏ မတ္တရာမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ကို အဓိကဦးဆောင်သူဖြစ်ပြီး စစ်ကောင်စီ၏အုပ်ချုပ်ရေးယန္တရားလည်ပတ်ရေး အဓိကမောင်းနှင်နေသူဖြစ်ကြောင်း ဒေသခံတော်လှန်ရေးအင်အားစုများကပြောသည်။ ၎င်းပစ်ခတ်ခံရမှုအပေါ် စစ်ကောင်စီသည် ဒေါသအလွန်ထွက်နေပြီးလုံခြုံရေးအထူးတင်းကျပ်လိုက်ကာ အရပ်သားများအားဖမ်းဆီးစစ်ဆေးမှုများပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။
မတ္တရာမြို့နယ်သည် စစ်ကောင်စီတော်လှန်ရေးအားကောင်းသည့် ဒေသဖြစ်ပြီး တိုက်ပွဲများလည်းမကြာခဏဖြစ်ပွားနေသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်နိုဝင်ဘာလ ၁၆ရက်နေ့က မတ္တရာမြို့နယ် ၊အောင်ကန်သာရွာမှ လက်ဖက်ရည်ဆိုင်အတွင်းရှိ ဒေသခံ အမျိုးသား၁၃ ဦးကို စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်သွားခဲ့ဖူးသည်။ထိုဖြစ်ရပ်သည် အာဏာသိမ်းစစ်ကောင်စီ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများထဲမှ တခု ဖြစ်သည်ဟု မတ္တရာမြို့နယ်ပြပြည်သူ့ကာကွယ်ရေးအဖွဲ့ထုတ်ပြန်ခဲ့သည်။
ဗိုလ်မှူးသက်နိုင်စိုးပစ်ခတ်ရှင်းလင်းခံရမှုနှင့်ပတ်သက်၍ တော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်ထားသည်ကိုမတွေ့ရှိရသေးပေ။ စစ်အုပ်စုကမူ ပစ်ခတ်သွားသူများကို ဖမ်းဆီးနိုင်ရေး အပူတပြင်းကြိုးစားနေသည်။