ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့ ၊ရွာမရပ်ကွက်နေထိုင်သူတစ်ဦး ကျောက်ပုံကျေးရွာအနီးမှာ ကားနဲ့ လောင်းကစားဝိုင်းက ပြန်လာချိန် ရွာငံ PDF (JPRF) က ဧပြီ ၂၄ ရက်မှာ ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
JPRF စစ်ဆေးခဲ့တဲ့ သူဆီမှ ငွေသားတချို့နဲ့ လောင်းကစားပစ္စည်းတွေဖြစ်တဲ့ ဂျင်သီးခုနှစ်လုံးတို့ကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
“လောင်းကစားဝိုင်းထဲကို ကျွန်တော်တို့သွားလိုက်မယ်ဆိုရင် ပွဲပျက်သွားမယ်။ လောင်းကစားဝိုင်းမှာ စကစတွေကလည်း လုံခြုံရေးယူထားပေးတာဆိုတော့ အဲဒီက အပြန်ကို စောင့်ပြီး လမ်းမှာ ဖမ်းလိုက်တာ”လို့ JPRF မှ တာဝန်ရှိသူ KP ကပြောပါတယ်။
ဖမ်းဆီးစစ်ဆေးပြီးတဲ့နောက်မှာ နောက်ထပ် အလောင်းအစားတွေ မပြုလုပ်ဖို့အတွက် ခံဝန်ကတိလက်မှတ်ရေးထိုးပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ JPRF အဖွဲ့ဆီက သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ရွာငံမြို့နယ်အတွင်းမှာ လောင်းကစားဝိုင်းတွေ တားမြစ်ထားပေမယ့် ရိုးရာပွဲတွေဖြစ်တဲ့ တာတက်ပွဲနဲ့ ဘုရားပွဲတို့မှာ လောင်းကစားဝိုင်းတွေ ပြုလုပ်နေကြတာပါ။
အဲဒီလောင်းကစားဝိုင်းတွေမှာ ပြည်သူတွေက အလွန်အကျွံ ပြုလုပ်ကစားပြီးစစ်ကောင်စီဘက်ကလည်း အဲ့ဒီကနေ လစဉ်ငွေအမြောက်အမြားရနေလို့ တားဆီးရတာဖြစ်တယ်လို့လည်း JPRF အဖွဲ့ထံက သိရပါတယ်။
အံဂလုံ(ခေါ်)မိုးကြိုးကုန်းကင်းခုံ ၁ ခုံကို ၁ ညနဲ့ ၁ ရက်ကို ၂ သိန်းခွဲ နဲ့ ဂျင်ဝိုင်းဆို ၁ ညနဲ့ ၁ နေ့ ကို ၅ သိန်းကို ဝိုင်းကြေးအနေနဲ့ စစ်ကောင်စီက ရရှိတယ်လို့ JPRF ကပြောပါတယ်။
ရွာငံမြို့နယ်၊ ပင်းတယမြို့နယ် စတဲ့ဒေသတွေမှာ စစ်တပ်အရာရှိတွေနဲ့ ပျူစောထီးတွေက အခကြေးငွေယူပြီး လောင်းကစားဝိုင်းတွေကို တွင်တွင်ကျယ်ကျယ် နေရာအနှံ့ဖွင့်လှစ်ထားပြီး မူးယစ်ဆေးဝါးတွေကိုလည်း စစ်ကောင်စီတပ် လက်အောက်ခံပျူစောထီးတွေက ရောင်းဝယ်ဖောက်ကားနေတယ်လို့ JPRF အဖွဲ့ဆီက သိရပါတယ်။