ချင်းပြည်နယ် မင်းတပ်မြို့နယ်ရှိ ဆေးရုံတစ်ခုကို စစ်ကောင်စီက ဧပြီ ၂၅ရက် ညပိုင်းတွင် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ကုသမှုခံယူနေသည့် အရပ်သားပြည်သူ လူနာများစွာ ထိခိုက်မှု ရှိခဲ့သည်ဟု မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF)က ထုတ်ပြန်သည်။
ယမန်နေ့ ည ၈ နာရီအချိန်တွင် မင်းတပ်မြို့နယ်၊တိုက်နယ် (၂)ရှိ ဝမ္မသူးဆေးရုံအားဂျက်ဖိုက်တာလေယာဥ်ဖြင့်လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ထိုသို့ တိုက်ခိုက်ခဲ့၍ ဆေးကုသမှုခံယူလျက်ရှိသည့်အရပ်သား ပြည်သူများ ထိခိုက်မှုများစွာရှိပြီး သေဆုံးမှုများလည်း နှစ်ဦးအထက်ရှိခဲ့ကြောင်း၊ ဝမ္မသူးဆေးရုံအပြင် အရပ်သားပြည်သူများရှိသည့် အခြားနေရာများတွင်လည်း လေကြောင်းတိုက်ခိုက်မှုရှိနေပြီးထိခိုက်မှုအားအသေးစိပ်မသိရှိရသေးကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီသည် မင်းတပ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်း တိုက်ခိုက်မှု မကြာခဏ ပြုလုပ်ခဲ့၍ အရပ်သား ပြည်သူများစွာ သေဆုံးထိခိုက်ရှိခဲ့သည်။
ဧပြီ ၂၅ရက် ညနေပိုင်းကလည်း မင်းတပ်တိုက်နယ်(၁)ရှိ နေရာ တစ်နေရာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် Y12 လေယာဉ်ဖြင့်လည်း ၆၀ မမ ဗုံးသီး အလုံး ၅၀ ခန့် ကြဲချ တိုက်ခိုက်ခဲ့သည်ဟု မင်းတပ်ဒေသခံက အသိပေးထားသည်။
ထိုသို့ လေကြောင်းတိုက်ခိုက်မှု မပြုလုပ်မီ စစ်ကောင်စီက ဧပြီ ၂၂ရက်တွင် မင်းတပ် တိုက်နယ်(၁)၊ တိုက်နယ်(၂) နှင့် တိုက်နယ် (၁၁)၊ (၁၃) နေရာများကို ကင်းထောက်လေယာဉ်များ ပျံဝဲ ကင်းထောက်ခဲ့သည်ကို ဒေသခံက ဧပြီ ၂၂ရက်က အသိပေးထားပြီး ဂရုစိုက်ကြရန် သတိပေးထားသည်။