ရန်ကုန်မြို့ လှည်းကူးမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ရုံးမှ ရုံးစောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြင်းအားမြင့် အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ နှစ်ဦးဒဏ်ရာရရှိကြောင်း Yangon Armyမှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
“သုံးတဲ့မိုင်းက ပြင်းတယ်။အထိအခိုက်ကတော့ အစောင့်ထဲက စခနှစ်ကောင်ထိသွားပါတယ်”ဟု ၎င်းက ပြောသည်။
ဧပြီ ၂၆ ရက် ည ၇ နာရီခန့်တွင် စစ်မှုထမ်းဟောင်းအဖွဲ့ ရုံးစောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို Yangon Army နှင့် အနောက်ပိုင်းခရိုင်ပကဖ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယင်းတိုက်ခိုက်မှုပြုလုပ်ချိန်တွင် လှည်းကူးမြို့နယ်၌ ပေါက်ကွဲသံ အကျယ်ကြီးကြားရကြောင်း ဒေသခံများက ဆိုသည်။
Yangon Armyအနေဖြင့် စစ်ကောင်စီနှင့်ပတ်သက်သူများနှင့် မတရားဥပဒေထုတ်ထားသည့် စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ အားပေးအားမြှောက်လုပ်ဆောင်နေသူများကိုဆက်လက်တိုက်ခိုက်သွားမည်ဟု ၎င်းကပြောသည်။
“ကျနော်တို့အဖွဲ့ရဲ့ရည်မှန်းချက်က အကြမ်းဖက် စစ်အာဏာရှင်ဖြုတ်ချဖို့ရယ်။ အာဏာရှင်ကို မှီပြီးပြည်သူပအပေါ်နည်းမျိုးစုံနဲ့ဒုက္ခပေးနေတဲ့လူပုဂ္ဂိုလ်တွေကိုအမြဲတိုက်ခိုက်သွားနေမှာပါ။ရပ်ကွက်နေပြည်သူအပေါ်မျိုးစုံယုတ်မာနေတဲ့အုတ်ကြီးဆိုတဲ့ကောင်တွေသတိကြပ်ကြပ်ထားကြဖို့ထပ်ပြောချင်ပါတယ်”ဟု Yangon Army မှတာဝန်ရှိသူက ပြောသည်။
ထို့ပြင် အခြားပစ်မှတ်ကြီးများကိုလည်း မဟာမိတ်များနှင့် ပူးပေါင်းလုပ်ဆောင်မည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့်စစ်ကောင်စီနှင့်သက်ဆိုင်သည့်နေရာများကိုမသွားရန် Yangon Armyက မေတ္တာရပ်ခံထားသည်။