မြန်မာ့အရေးကို ဖြေရှင်းရာမှာ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က ပိုပြီး ကျယ်ပြန့်တဲ့ အခန်းကဏ္ဍမျိုး တာဝန်ယူပေးဖို့ ထိုင်းအစိုးရက တိုက်တွန်းလိုက်ပါတယ်။
အာဏာသိမ်း မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကြား တိုက်ပွဲတွေဟာ ထိုင်း-မြန်မာ နယ်စပ်မှာ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးကဏ္ဍ ထိခိုက်တာ၊ စစ်ရှောင်တွေ အများအပြား ထိုင်းပိုင်နက်ထဲ ဝင်ရောက်ခိုလှုံတာတွေ ကြုံခဲ့ရပါတယ်။
၂၀၂၁ ခုနှစ်မှာ စစ်တပ် အာဏာသိမ်းပြီး နောက်ဆက်တွဲ ပေါ်ပေါက်လာတဲ့ မြန်မာ့ ပြည်တွင်းရေး အရှုပ်အထွေးတွေကို ဖြေရှင်းဖို့ အာဆီယံက ဘုံသဘောတူညီချက် ၅ ရပ်ကို ကြေညာထားပေမယ့်လည်း လက်တွေ့ အကောင်အထည် ဖော်နိုင်စွမ်း နည်းပါးပြီး အာဆီယံရဲ့ စွမ်းဆောင်ရည် အကန့်အသတ်တွေကြောင့် နိုင်ငံတကာကရော၊ အရေးပါတဲ့ အဖွဲ့ဝင် နိုင်ငံတချို့ကပါ ဝေဖန်ထားကြပါတယ်။
အခုအချိန်မှာတော့ ပိုပြီး လက်တွေ့ကျကျ စွမ်းဆောင်ပြနိုင်တဲ့ အာဆီယံကို လိုအပ်နေပြီလို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ နစ်ခွန်ဒက်ဂျ် ဘာလန်ကူရာက ပြောပါတယ်။ သူက ထိုင်းအစိုးရဟာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ လာအိုနဲ့လည်း ဆွေးနွေးမှုတာတွေ ရှိခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။
မြန်မာနိုင်ငံအနှံ့က စစ်အာဏာရှင် ဆန့်ကျင်ရေး ခုခံစစ်ပွဲတွေဟာ ဧပြီ ၁၁ ရက်မှာတော့ ထိုင်းနဲ့ နယ်စပ်ကိုပါ ကူးစက်ခဲ့ပြီး ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ဦးဆောင်တဲ့ ပူးပေါင်း အဖွဲ့တွေနဲ့ အာဏာသိမ်း စစ်ကောင်စီတပ်တွေကြား မြဝတီမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ဧပြီ ၂၀ ရက်နေ့မှာတော့ မြန်မာ စစ်ရှောင် ၃၀၀၀ ကျော်လောက်ဟာ နယ်စပ်ကို ဖြတ်ပြီး ထိုင်းပိုင်နက်ထဲမှာ ယာယီ ခိုလှုံခဲ့ကြရပါတယ်။ အခုတော့ စစ်ရှောင်တွေ အားလုံးနီးပါး နေရပ် ပြန်သွားခဲ့ပြီ ဖြစ်ပါတယ်။
တိုက်ပွဲတွေက ထိုင်းပိုင်နက်နဲ့ အရမ်း နီးနီးကပ်ကပ် ဖြစ်ပွားခဲ့ပြီး ဒီလို ကိစ္စမျိုးနဲ့ ပတ်သက်ရင် အာဆီယံကပါ ပါဝင်ကိုင်တွယ် အဖြေရှာပေးသင့်တယ်လို့ နစ်ခွန်ဒက်ဂျ်က ဆိုပါတယ်။
အာဆီယံဟာ ၂၀၂၁ ခုနှစ်ကတည်းက မြန်မာ့အရေး ကူညီ ဖြေရှင်းဖို့အတွက် အလှည့်ကျ ဥက္ကဋ္ဌ နိုင်ငံက အထူးကိုယ်စားလှယ် ခန့်အပ်ရေး သဘောတူညီထားခဲ့ပါတယ်။ လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌ လာအိုကတော့ ခန့်အပ်ထားတဲ့ အထူးကိုယ်စားလှယ်ရဲ့ လှုပ်ရှားမှုတွေအကြောင်း လူသိရှင်ကြား ကြေညာတာမျိုး အနည်းအကျဉ်းလောက်သာ ရှိခဲ့ပါတယ်။