မကွေးတိုင်း၊ ပေါက်မြို့နယ်ရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်လာကြောင်း ပခုက္ကူခရိုင် အမှတ်(၃) တပ်ရင်း၏ တာဝန်ရှိသူက ပြောသည်။
ပခုက္ကူခရိုင် အမှတ်(၃)တပ်ရင်းထံသို့ ပေါက် မြို့နယ် ရဲစခန်းမှ (၂၁)နှစ်အရွယ် ရဲတပ်သားစည်သူဗိုလ်ဆိုသူသည် BA 94တစ်လက်၊ကျည်အိမ် (၂)ခု၊ 9mm ကျည် (၃၀)တောင့်ယူဆောင်၍ အလင်းဝင်ရောက်လာကြောင်း အမှတ်(၃)တပ်ရင်း၏ တာဝန်ရှိသူက ပြောသည်။
“ကျွန်တော်တို့တပ်ရင်းကို ပထမဆုံးဝင်လာတာပါ။ တပ်ရင်း (၃)ကို ဆက်သွယ်လာတဲ့အတွက် ပေါက်ဘက်အထိ မဟာမိတ်တပ်ရင်းတွေ အကူအညီနဲ့ သွားရောက်ခေါ်ဆောင်ခဲ့တာပါ။”ဟု အမှတ်(၃) တပ်ရင်း၏ တာဝန်ရှိသူက ပြောသည်။
၎င်းရဲတပ်သားသည် ဇန်နဝါရီ ၁၆ရက်က အလင်းဝင်လာခြင်းဖြစ်သော်လည်း လုံခြုံရေးအခြေအနေအရ သတင်းထုတ်ပြန်မှုနောက်ကျခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
အဆိုပါ ရဲတပ်သားအား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး ဂုဏ်ပြုငွေ ကျပ်သိန်း ၃၀ပေးအပ်ကာ လုံခြုံရာနေရာသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
စစ်ကောင်စီ၏လက်အောက်တွင် အကြောင်းအမျိုးမျိုးကြောင့် တာဝန်ထမ်းနေသူများအား ကြိုဆိုပြီး တော်လှန်ရေးအဖွဲ့အစည်းများနှင့် အမြန်ဆုံးပူးပေါင်းကြရန် ပခုက္ကူခရိုင် အမှတ်(၃)တပ်ရင်းက အသိပေးထားသည်။