တနင်္သာရီမြို့နယ်၊ ရေခမ်းချောင်းရွာက ထင်းကောက်သွားတဲ့ သားအမိနှစ်ဦး ဒီကနေ့မနက်အစောပိုင်းမှာ စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်စမှန်ပြီး ထိခိုက်ဒဏ်ရာအသီးသီးရခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေဟာ အသက် ၃၀ ဝန်းကျင်အရွယ် နော်ကီတုတ်နဲ့ သမီးဖြစ်သူ အသက် ၁၃ နှစ်အရွယ် နော်ဝေဖာတို့ဖြစ်ပြီး သမီးဖြစ်သူမှာ လက်ချောင်းနှစ်ချောင်းနဲ့ ခြေမျက်စိအောက်ကနေ ခြေဖဝါးတစ်ခုလုံးပြတ်တောက်သွားသလို မိခင်ဖြစ်သူမှာတော့ ဦးခေါင်း၊ ပေါင်၊ လက်မောင်းတွေနဲ့ ခန္ဓာကိုယ်အနှံ့မှာ ကျည်စတွေထိမှန်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“သူတို့သားအမိနှစ်ယောက်လဲနေတဲ့နား အဝိုင်းပုံနဲ့အတွင်းကြီးတစ်တွင်းရှိနေတယ်။ မိန်းမငယ်မှာဆို ခြေထောက်တစ်ဖက်တခါတည်းပြတ်သွားတာ။” လို့ ရေခမ်းချောင်းရွာခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတဲ့နေရာဟာ ရွာရဲ့အဖျားပိုင်းဖြစ်ပြီး ပုံမှန် စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ရင် အနည်းဆုံးသုံးလုံးကနေ ငါးလုံးအထိ ပစ်လေ့ရှိပေမယ့် ဒီနေ့မနက်မှာတော့ တစ်လုံးပဲပစ်တယ်လို့ အဆိုပါအမျိုးသမီးက ပြောပါတယ်။
“လူမှန်းသူမှန်းကိုမသိတော့ဘူး။ အမိမှာဆို ခေါင်းထိပြီးမေ့နေတာ။ မိန်းမငယ်ပဲသတိနည်းနည်းရှိနေတယ်။ သူလည်း အဘနာမည်မေးတာတောင်မဖြေနိုင်ဘူး။” လို့ ဒေသတွင်း ပရဟိအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရတဲ့ အသားအမိနှစ်ဦးကို ဇဝဲရွာအခြေစိုက် ခမရ(၅၅၆)တပ်ရင်းရှေ့မှာရှိတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်သားတွေရဲ့အမိန့်အရ မြိတ်မြို့က တပ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ရပြီး ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
ရေခမ်းချောင်းရွာက မြိတ်မြို့ဘက်ကိုသွားမယ်ဆိုရင် ဇဝဲရွာအခြေစိုက်ခမရ(၅၅၆)တပ်ရင်းရှေ့က စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို မဖြစ်မနေဖြတ်ရတာဖြစ်ပါတယ်။
အခုလ ၂၅ ရက်နေ့ကလည်း လောင်းလုံးမြို့နယ် (က)ရပ်ကွက်၊ ထိန်သစ်ရွာလမ်းက နေအိမ်တစ်ဆောင်ပေါ် စစ်ကောင်စီပစ်တဲ့လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ပြီး အဖွားအိုတစ်ဦးသေဆုံးခဲ့ပါတယ်။
တနင်္သာရီတိုင်းမ်ကရရှိထားတဲ့အချက်အလက်တွေအရ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့မတ်လအတွင်း စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးကျည်ထိမှန်တာနဲ့ မိုင်းနင်းမိတာတွေကြောင့် အရပ်သား ၂၃ ဦးထက်မနက်ထိခိုက်ဒဏ်ရာရခဲ့ပြီး ၂ ဦးသေဆုံးခဲ့ပါတယ်။