ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကန်သာရပ်ကွက်မှာ စစ်မှုထမ်း လူစားထိုးဖို့အတွက် ပြီးခဲ့တဲ့ တစ်ပတ်လောက်ကစပြီး တစ်အိမ်ကို ငွေကျပ် ၃၆,၅၀၀ ကျပ် ကောက်ယူနေတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။
ကန်သာရပ်ကွက် အုပ်ချုပ်ရေးမှူး အီသားနဲ့အတူ နောက်လိုက်တပည့် ဖြစ်တဲ့ ဇော်မင်းထွန်းနဲ့ စိုးငယ်တို့က တစ်အိမ်တက်ဆင်း လိုက်လံ ကောက်ယူနေပြီး ဒီတစ်ပါတ်အတွင်း ရပ်ကွက်နေ အိမ်ထောင်စုအားလုံး ထည့်ဝင်ကြရမယ်လို့ ဆိုပါတယ်။
ရပ်ကွက်နေ လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးက “ဒီကောင်တွေ တော်တော် တရားလွန်နေပြီ။ မလွန်ဆန်လို့ လုပ်ရတာမျိုး မဟုတ်ဘူး. သူတို့ ကိုယ်တိုင်က တက်တက်ကြွကြွနဲ့ လုပ်ပေးနေတာ။ ဒီလိုချိန် လေးသောင်းနီးပါး ဆိုတာက မရှိကြဘူးလေ။ တစ်မြို့လုံးလည်း သိပါတယ် ကန်သာရပ်ကွက်က လက်လုပ်လက်စားတွေပဲ နေကြတယ်ဆိုတာ” လို့ ပြောပါတယ်။
ကန်သာရပ်ကွက်မှာ စစ်မှုထမ်းအတွက် မဲပေါက်သူ ၁၂ ဦးထဲက ၆ ဦးကို ရွေးချယ်မှာဖြစ်ပြီး အဲဒီ ၆ ဦးထဲက ၃ ဦးကို စစ်မှုထမ်းခိုင်းမှာပဲ ဖြစ်ပါတယ်။
ကျန်တဲ့ ၃ ဦးကိုတော့ ဒုတိယအသုတ်အတွက် ချန်ထားမှာ ဖြစ်ပြီး မရွေးချယ်ခဲ့တဲ့ ၆ ဦးကိုတော့ ဆေးစစ်မအောင်သူတွေအတွက် အရံသတ်မှတ်ထားတယ်လို့ ရပ်ကွက်နေ ပြည်သူတွေဆီက သိရပါတယ်။
စစ်မှုထမ်း ပါဝင်သူနဲ့ နီးစပ်သူ တစ်ဦးက “သူတို့ မဲနှိုက်တုန်းကလည်း ဘာမှမသိရပါဘူး။ စာရေးမတွေ နှိုက်ပေးတာပါ။ ပြီးမှ မဲပေါက်ပြီဆိုပြီး စာရောက်လာတာပါ။ အဲဒီမှာ ၂ ယောက်ကတော့ ပိုက်ဆံမပေးနိုင်လို့ သွားမယ်ပေါ့။ ကျန်တစ်ယောက်စာအတွက်က လူစာထိုးဖို့ တစ်ရပ်ကွက်လုံး ပိုက်ဆံကောက်မယ်ပေါ့” လို့ ပြောပါတယ်။
စစ်မှုထမ်း လူစားထိုးဖို့ လူတစ်ဦးစာအတွက် အိမ်ထောင်စုတစ်ခုကို ၃၆,၅၀၀ ကျပ်နှုန်း ကျသင့်မှာ ဖြစ်ပြီး တစ်ရပ်ကွက်လုံးအတွက် စုစုပေါင်း သိန်း ၁၂၀ ကျသင့်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကံသာရပ်ကွက်မှု စစ်မှုထမ်းအတွက် မဲပေါက်သူ ၁၂ ဦးမှာ အစ္စလမ်ဘာသာ ကိုးကွယ်သူ ၄ ဦး၊ ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ ပအိုဝ်းနဲ့ ဗမာလူမျိုးထဲက ၄ ဦးစီ အချိုးကျ ပါဝင်တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။