ရှမ်းပြည်တောင်ပိုင်း၊ ဟဲဟိုးမြို့အပိုင်၊ အင်းခေါင်းကျေးရွာမှာ လောင်းကစားဝိုင်းအကြီးအကျယ် ပြုလုပ်နေတာကို ပြည်သူတွေက ပိတ်သိမ်းပေးဖို့ တောင်းဆိုနေတယ်လို့ သိရပါတယ်။
ကလောရဲမြို့နယ်မှူးကအစ ပြည်နယ်အထိ ပိုင်တယ်လို့ကြွေးကျော်ပြီး အင်းခေါင်ရွာသူကြီးတို့အဖွဲ့က ဦးစီးကာ ညစဉ်ညတိုင်း ပြုလုပ်နေတာလို့ဆိုပါတယ်။
“ခုမှ မဟုတ်ဘူး ၂နှစ်ကျော်ပြီ ၊ ရဲမြို့နယ်မှူးကအစ စခန်းမှူး၊ နယ်ထိန်းအထိ ၊ စရဖ၊ တပ်အားလုံးပေးထားတာ၊ ညကင်းလှည့်အဖွဲ့တောင်တစ်ညကို ၁၀ သိန်းကျော်နဲ့ ဧည့်ခံတာ ဘာညာ တစ်ည သိန်း ၃၀ နီးပါး ရှိတယ်၊ အို ညဆိုရင် အကောက်အသိမ်းက ရာကျော်တယ်၊ အလောင်းအစားကတော့ သိန်းချီတယ်၊ အခွန်ကို ငွေသားနဲ့ပေးရတာမဟုတ်ဘူး၊ Kpay , Wave Pay တွေနဲ့ လွှဲပေးတာ၊ အခြား အောင်ပန်း ၊ ပင်းတယ၊ ရွာငံဝိုင်းတွေသာ လူကြီးခရီးစဉ်တို့ ဘာတို့မှာ ရပ်ရတာ၊ ဒီအင်းခေါင်းဝိုင်းကတော့ ပိတ်လဲ နာရီပိုင်းပဲ၊ ဒေါ်မိငယ်က ပြည်နယ်အထိ အတော်ပိုင်တာ” လို့ ဒေသသတင်းအရင်းအမြစ်က မဲခေါင်ကို ပြောပါတယ်။
အဆိုပါလောင်းကစားဝိုင်းကို အင်းခေါင်းကျေးရွာဘုန်းတော်ကြီးကျောင်းဘေးမှာ ပြုလုပ်နေတာဖြစ်ပြီး ဟဲဟိုးရဲစခန်းမှူးနဲ့ နယ်ထိန်းတို့က တာဝန်ယူပေးထားတယ်လို့ ဆိုပါတယ်။
ယင်းလောင်းကစားဝိုင်းမှာ မနက်ပိုင်းထက် ညပိုင်းမှာ လူပိုများပြီး ကားများဖြင့်လာရောက် လောင်းကစားကြတာမှာ တစ်ညကို ကျပ်သိန်းထောင်ချီ အလျော်အကောက်ရှိတယ်လို့ သိရပါတယ်။
ထိုလောင်းကစားဝိုင်းမှာ စစ်ကောင်စီအာဏာရပြီး နောက်နှစ်ထဲက စတင်ပေါ်ပေါက်လာပြီးနောက် လုံးဝအဖမ်းအဆီးမရှိ၊ လုံခြုံရေးအပြည့်အဝရှိတဲ့ လူကြီးကစားဝိုင်းလို့ အမည်ကျော်ကြားနေတယ်လို့ သိရပါတယ်။