အာရက္ခတပ်တော် AA က သိမ်းပိုက်ထားသည့် ရခိုင်ပြည် မင်းပြားမြို့ကို ယနေ့ ဧပြီ ၃၀ရက်နေ့ နံနက်ပိုင်း စစ်ကောင်စီက ဂျက်တိုက်လေယာဉ်တစ်စီးနှင့် လာရောက် ဗုံးကြဲသဖြင့် ထိခိုက် ပျက်စီးမှုများ ရှိကြောင်း မြို့ခံများက ပြောသည်၊
စစ်ကောင်စီက တိုက်လေယာဉ်တစ်စီးနှင့် ယနေ့ နံနက်ပိုင်း ၁၀ နာရီ ခွဲခန့်က လာရောက် ဗုံးကြဲခဲ့ခြင်း ဖြစ်ပြီး မြို့ခံ တစ်ချို့ ထိခိုက်မှုနှင့် အဆောက်အဦးများ ပျက်စီးမှုများ ရှိကြောင်း မင်းပြားမြို့ခံများက Western News ကို ပြောသည်။
မင်းပြားမြို့ခံ အမျိုးသားတစ်ဦးက “၁၀ နာရီခွဲက တိုက်လေယာဉ်တစ်စီးနဲ့ ဗုံးလာကြဲတာပါ။ သုံးကြိမ် လာကြဲသွားတယ်။ ထိခိုက်မှု အတိအကျတော့ မသိရသေးဘူး။ သေချာတာကတော့ ပြည်သူတွေ သေဆုံး ထိခိုက်မှု ရှိတယ်လို့ သိရတယ်။ အခုမီးခိုတွေ တလူလူ တက်နေတယ် “ဟုပြောသည်။
မင်းပြားမြို့ ဈေးဟောင်းပိုင်း ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့မရဲစခန်း၊ ဦးဥတ္တမပန်းခြံ မြို့နယ်စည်ပင်သာယာရေးရုံးများကို ဂျက်တိုက်လေယာဉ်နှင့် သုံးကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲသွားကြောင်း ဆိုသည်။
နောက်ထပ် မင်းပြားမြို့ခံတစ်ဦးက “ဗုံးလာကြဲတဲ့အချိန်မှာ AA ဖက်က ဂျက်တိုက်လေယာဉ်ကို စက်သေနတ်နဲ့ ပစ်တာရှိတယ်။ ဗုံးကြဲတဲ့နေရာမှာ ပျက်စီးမှုရှိတယ်။ လူတွေ သေဆုံးမှု ရှိ၊ မရှိဆိုတာကတော့ လက်တစ်လော မသိရသေးဘူး “ဟုပြောသည်။