ကရင်နီအမျိုးသား ကာကွယ်ရေးတပ် အမှတ် (၈) တပ်ရင်း ရဲ့ ဒုတပ်ရင်းမှူးရဲ့ လစ်လပ်နေရာကို မဲစနစ်နဲ့ ရွေးချယ်ခန့်အပ်ခဲ့တယ်လို့ KNDF BO – 8 သတင်းပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
ယခင်က KNDF BO – 8 ရဲ့ ဒုတပ်ရင်းမှူး တာဝန်ထမ်းဆောင်ခဲ့သူဟာ အခြား တပ်ရင်းကို တာဝန် နဲ့ ပြောင်းရွှေ့သွားတဲ့အတွက်၊ အဲဒီ ဒုရင်းမှူးရဲ့ လစ်လပ်နေရာအတွက် ဧပြီ ၂၈ ရက်မှာ မဲစနစ် နဲ့ ရွေးချယ် တာဝန်ပေးခဲ့တာလို့ ဆိုပါတယ်။
“ ကျနော်တို့ တပ်ရင်းမှာ တပ်ခွဲ ၃ ခွဲ ရှိတယ်၊ တပ်ခွဲ (၁/၂/၃) တပ်ခွဲ တခုစီက ခွဲမှူး ၊ ဒုခွဲမှူး ၊ တပ်ခွဲ ၃ ခွဲ ဆိုတော့ ၆ ဦး ၊ အခြား ရဲဘော် ၃ ဦး နဲ့ ၉ ဦး ကို ဒုရင်းမှူး တာဝန် အတွက် မဲပေးခဲ့တာ တပ်ခွဲ (၃) က ခွဲမှူးက မဲအများဆုံး ရရှိခဲ့တယ် ” လို့ KNDF BO – 8 ပြန်ကြား ရေးတာဝန်ခံက ပြောပါတယ်။
ကရင်နီအမျိုးသား ကာကွယ်ရေးတပ် အမှတ် (၈) တပ်ရင်း ၊ တပ်ခွဲ (၃) က ခွဲမှူး ” ဝိစတန် ” ကို ဒုတပ်ရင်းမှူး အနေနဲ့ ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ မဲပေးရွေးချယ်ခံရတဲ့ ဒုတပ်ရင်းမှူးဟာ တိုက်ခိုက် ရည်ကောင်းတာ၊ အမိန့်နာခံမှုကောင်းတဲ့အချက်တွေကြောင့် ဒုရင်းမှူးအဖြစ် ရွေးချယ်ခံရတာ ဖြစ်တယ်လို့လည်း ဆက်ပြောပါတယ်။
KNDF BO-8 အဖွဲ့မှာ တပ်စိပ် ၁စိပ်ကို တပ်သား ၁၂ ဦး အထက်ရှိပြီး၊ တပ်ခွဲ ၁ ခွဲမှာ တပ်သား ၁၀၀ ကျော်ရှိနဲ့ ဖွဲ့စည်းထားတာပါ။
ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်နဲ့ ကရင်နီ တော်လှန်ရေးအင်အားစုတို့ အကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာကြောင့် အရေးပေါ် AK ကျည်ဆံတွေ လိုအပ်နေတယ်လို့လည်း အသိပေးထားပါတယ်။