တိုးချဲ့ဖွဲ့စည်းလိုက်သည့် ဗျူဟာအမှတ်(၇)မှ ရဲဘော် ၅၀၀၏ စစ်သင်တန်းဆင်းပွဲကို ယနေ့ ပြုလုပ်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တာဝန်ရှိသူက ပြောသည်။
ဗျူဟာအမှတ်(၇)၏ အပတ်စဥ်(၁) အခြေခံစစ် သင်တန်း၌ ရဲဘော်၊ရဲမေ စုစုပေါင်း ၅၁၂ ဦး တက်ရောက်ခဲ့ကာ သင်တန်းဆင်းအခမ်းအနားကို ဒီးမော့ဆိုမြို့နယ်၌ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
“ဗျူဟာ(၇)စတင်ဖို့ ဖေဖော်ဝါရီလကနေပြီး ရဲဘော်တွေ စခေါ်တယ်။ပြီးတော့မှ Training တွေပေးတယ်။အခုကတော့ Training အောက်သွားတဲ့သူတွေနဲ့ဗျူဟာ(၇)ကို ဖွဲ့စည်းမှာဖြစ်တယ်”ဟု KNDF တာဝန်ရှိသူက ပြောသည်။
ဗျူဟာ(၇)သည် လွိုင်ကော်မြို့ကို လွှမ်းခြုံမည် ဖြစ်ပြီး လွိုင်ကော်အခြေစိုက် စစ်ကောင်စီတပ်များကို တိုက်ခိုက်မည်ဟု အသိပေးသည်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တွင် ဗျူဟာအမှတ်(၁)မှ စ၍ ယခု အသစ်ဖွဲ့စည်းလိုက်သည့် ဗျူဟာအမှတ်(၇)အထိ ဗျူဟာ ခုနစ်ခုရှိသည်။
ယမန်နှစ် နိုဝင်ဘာ ၁၁ ရက်ကစတင်ခဲ့သော ကရင်နီ ပြည်နယ် ၁၁၁၁စစ်ဆင်ရေးတွင် မယ်စဲ့၊ဒီးမော့ဆို၊ ရွာသစ်၊ရှားတောနှင့်မော်ချီး၊မိုးဗြဲ ၊နန်းဖယ်ခုံ၊ စသောမြို့(၇)မြို့ကို တော်လှန်ရေးတပ်ဖွဲ့များမှ ထိန်းချုပ်ထားကြောင်း KNDFက ထုတ် ပြန်ထားသည်။
ထို့အပြင် လွိုင်ကော်၊ဒီးမော့ဆို ၊ဖားဆောင်း၊ဖရူဆို၊ဘောလခဲ၊ဖယ်ခုံ၊မယ်စဲ့ နှင့်ရှားတော မြို့များရှိ စစ်ကောင်စီတပ်စခန်းနှင့် စခန်းကုန်း ၆၅ ခုကို သိမ်းပိုက်ထားကြောင်းလည်း သိရသည်။