ဒေသအခေါ် စပိဘုတ် လို့ခေါ်ဆိုတဲ့ စက်လှေပေါက်ကွဲပြီး ကျွန်းစုမြို့နယ်၊ ရေကန်တောင်ရွာက ပျူစောထီး ခေါင်းဆောင် သေဆုံးသွားကြောင်း ဒေသခံတွေဆီက ပြောပါတယ်။
ရေကန်တောင်ရွာ ပျူစောထီး ခေါင်းဆောင် အသက် ၄၀ ဝန်းကျင်အရွယ် ဦးကျော်စိုးထိုက်အပါအဝင် အမျိုးသားသုံးဦးလိုက်ပါခဲ့တဲ့ စပိဘုတ်လှေတစ်စီးဟာ မြိတ်မြို့ဘက်မှာ ဂျင်း၊ ခရု သွားရောင်းပြီး ကျွန်းစုမြို့နယ်ဘက်ပြန်လာတဲ့အချိန် မနေ့ကမွန်းလွဲတစ်နာရီခန့်က ဖိနပ်ကျွန်းရွာအနီးမှာ စက်ချွတ်ယွင်းပြီး ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။
ပေါက်ကွဲမှုဖြစ်တဲ့အချိန် အမျိုးသားသုံးဦးစလုံး ရေထဲခုန်ချခဲ့ပေမယ့် အဲဒီအထဲက ဂျင်း၊ ဂုံးခရု ရောင်းပြီးရလာတဲ့ ကျပ်သိန်းသုံးရာပါတဲ့ အိတ်တစ်လုံး ၊ အိကွေးမင်းတစ်စုံ၊ ပစ္စတိုသေနတ်တစ်လက်နဲ့ ဂျင်းဘောင်းဘီဝတ်ဆင်ထားပြီး ရေထဲခုန်ချခဲ့တဲ့ ဦးကျော်စိုးထိုက် တစ်ဦးသာ သေဆုံးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“လှေသွားနေတုန်း စက်ခဏပိတ်ပြီး ဆီထည့်တုန်းထပေါက်ကွဲတာ။ ရာသီဥတုကလည်းပူ အင်ဂျင်ကလည်းပူ အပူတွေများနေတုန်း ဓာတ်ဆီလောင်းထည့်ဆိုတော့ မတော်တဆဖြစ်သွားတာ။” လို့ အသက်ရှင်ကျန်ခဲ့သူတွေရဲ့ ပြောပြချက်ကို ကိုးကားပြီး ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ဦးကျော်စိုးထိုက်ရဲ့ ရုပ်အလောင်းကို လှေနစ်မြုပ်ပြီး နှစ်နာရီအကြာ ဖိနပ်ကျွန်းရွာအနီးမှာပဲ ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပြီး လက်မှာမီးလောင်ဒဏ်ရာတွေရထားတယ်လို့ ဆိုပါတယ်။
“ပိုက်ဆံသိန်းသုံးရာလည်းပြန်ရတယ်။ အခုတော့ သူ့ရဲ့အိမ်မှာပဲ နာရေးလုပ်ထားတယ်။” လို့ ဒေသခံအမျိုးသားနောက်တစ်ဦးက ပြောပါတယ်။
ကျန်တဲ့အမျိုးသားနှစ်ဦးကတော့ ပေါ့ပေါ့ပါးပါးအဝတ်အစားတွေနဲ့ စပိဘုတ်ပေါ်မှာရှိနေတဲ့ကြိုးကိုဆွဲပြီး ရေထဲခုန်ချခဲ့တာကြောင့် အသက်ရှင်ကျန်ရစ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပြန်လည်လွတ်မြောက်လာသူနှစ်ဦးစလုံးရဲ့ခြေတွေမှာ မီးလောင်ဒဏ်ရာရထားပြီး မြိတ်ပြည်သူ့ဆေးရုံမှာဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။
ရေနစ်သေဆုံးခဲ့တဲ့ ပျူစောထီခေါင်းဆောင်ဆိုသူ ဦးကျော်စိုးထိုက်ဟာ ကျွန်းစုမြို့နယ်အတွင်း ဂျင်းမွေးမြူရေးလုပ်ငန်းတွေမှာ ဂျင်း၊ ခရုတွေကို ဈေးနှိမ်ဝယ်ယူပြီး လက်နက်အားကိုးနဲ့ ခြိမ်းခြောက်နေသူဖြစ်တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။