ချင်းပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများနှင့်ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး(CNF/CNA)နှင့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ ၆ခုစုဖွဲ့ထားသည့် ချင်းညီနောင်တို့အကြား စစ်ရေးတင်းမာနေဆဲဖြစ်သည်။
ယခင်ကတည်းက ချင်းညီနောင်အဖွဲ့ဝင် မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ(MTC/MDF)နှင့် CNF ဦးဆောင်သည့် CNA/CDF ပူးပေါင်းအဖွဲ့များအကြား ယခင်ကတည်းက တိုက်ပွဲဖြစ်ပွားမှု အချို့ရှိခဲ့သည်။
လက်ရှိတွင် ရက္ခိုင့်တပ်တော်(AA)နှင့် မဟာမိတ် ဆက်ဆံရေးတည်ဆောက်ထားသည့် MTC/MDF ပါဝင်သည့် ချင်းညီနောင်အဖွဲ့ များက CNF၏ စစ်ရေးလှုပ်ရှားမှု အပေါ် ၎င်းတို့၏ သဘောထား ထုတ်ပြန်ချက်ကို ယနေ့ (မေလ ၁ရက်)တွင် ထုတ်ပြန်ခဲ့သည်။ ချင်းညီနောင်တွင် ဇိုမီးဖက်ဒရယ်အစည်းအရုံး(ZFU/PDF-Zoland)၊ ချင်းအမျိုးသား အဖွဲ့ချုပ်(CNO/CNDF)၊ ချင်းအမျိုးသားကောင်စီ(မင်းတပ်(CNC/CDF-Mindat)၊ MTC/MDF၊ CDF-ကန်ပက်လက်၊ CDF မတူပီ တပ်မဟာ(၁) တို့က ပူးတွဲကြေညာခဲ့ခြင်းဖြစ်သည်။
ချင်းညီနောင်သည် လက်ရှိတွင် ကျင်ဒွေးမြို့ သိမ်းပိုက်ပြီး နယ်မြေ ရှင်းလင်းရေးအတွက် မဟာမိတ်များဖြင့် ကြိုးစားနေကြောင်း၊ တိုက်ပွဲဖြစ်နေသည့် ကာလကို အခွင့်ကောင်းယူပြီး CNF ဦးဆောင်သည့် ချင်းပြည်ကောင်စီ ၏ အဖွဲ့ဝင် တပ်ဖွဲ့များက စစ်ရေးလှုပ်ရှားမှု စတင်နေကြောင်း တွေ့ရသည်ဟု ချင်းညီနောင်၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။
ချင်းညီနောင်အဖွဲ့ဝင်များ PDF Zoland နှင့် CNDF ဒေသခံ အဖွဲ့များ ထိန်းချု့်စိုးမိုးနယ်မြေများ၌ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲရန် ဗျူဟာရေးဆွဲ ပြင်ဆင်နေသည့် ကာလ၌ CNFမှ ထိုပြင်ဆင်မှု များအား အနှောက်အယှက်ဖြစ်စေမည့် စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်လုပ်နေကြောင်း ထုတ်ပြန်သည်။ နယ်မြေကျူးကျော်သည်ဟုလည်း စွပ်စွဲထားသည်။
ယင်သို့ လုပ်ဆောင်နေခြင်းသည် ဒေသတွင်း ပဋိပက္ခကို ပိုမိုကြီးထွားစေပြီး အချင်းချင်း သွေးထွက်သံယိုမှုများကို ဦးတည်စေသည်ဟု ချင်းညီနောင်က ထုတ်ပြန်သည်။
“ထွေထွေထူးထူး ပြောစရာ မရှိပါ၊ တော်လှန်ရေး မှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ စစ်ရေး ဆိုင်ရာ ရာသီဥတုဖောက်ပြန်မှု
တစ်ခုပါ”ဟုချင်းညီနောင်၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး CNF မှတာဝန်ရှိသူတစ်ဦးကပြောသည်။
CNF ဦးဆောင်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များပါဝင်သည့် ချင်းပြည်ကောင်စီက ချင်းပြည်အစိုးရ စုဖွဲ့ပြုလုပ်ထားရာ ချင်းညီနောင် အဖွဲ့ဝင် အဖွဲ့များက လက်ခံခြင်းမရှိပေ။
အဆိုပါ ပြဿနာကို နှစ်ဖက်ညှိနှိုင်းဆွေးနွေးရန် ဆက်သွယ်မှု ရှိခဲ့သော်လည်း ဆွေးနွေးမှု ဖြစ်ပေါ်လာခြင်းကို မတွေ့ရဘဲ နှစ်ဖက်အကြား စစ်ရေးတင်းမာသည့် သဘောကိုမြင်သာစေသော ကြေညာချက်များကို ချင်းညီနောင်ဘက်က ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။
ချင်းအမျိုးသား အချင်းချင်းအကြား ထိပ်တိုက် ထိတွေ့မှု ရှောင်ရှားနိုင်ရန် ချင်းညီနောင် အနေဖြင့် အတန်တန် သတိပေးသည့်ကြားမှ ရှေ့ဆက်တိုး၍ စစ်ရေးလှုပ်ရှားပါကချင်းညီနောင် အဖွဲ့ဝင်များ အတူပူးပေါင်း တုန့်ပြန်တိုက်ခိုက်သွားမည်ဟု ယနေ့ ထုတ်ပြန်ချက်၌လည်း ချင်းညီနောင်အဖွဲ့က သတိပေးထားသည်။