ကံပေါက်မှာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းရဲ့ စီးပွားဖက်ကုမ္ပဏီ တွေဖြစ်ကြတဲ့ တိုတယ်ရေနံ ကုမ္ပဏီ နဲ့ ပြင်သစ် အခြေစိုက် စီမံခန့်ခွဲမှုဆိုင်ရာဝန်ဆောင်မှု ကုမ္ပဏီတစ်ခုဖြစ်တဲ့ အက်တာလျံ ကုမ္ပဏီ တို့ ပိုင်ဆိုင်တဲ့ ကားသုံးစီး သိမ်းဆည်းခံခဲ့ရတယ်လို့ ရေနံကုမ္ပဏီဝန်ထမ်းအသိုင်းအဝိုင်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့ မနက် ၉ နာရီခန့်က Total ကုမ္ပဏီက ကားတစ်စီး၊ အက်တာလျံ ကုမ္ပဏီက ကားနှစ်စီးတို့ကို D2 လို့ နာမည်ပေးထားတဲ့ နေရာ အနီးမှာ အသိမ်းခံခဲ့ရတာလို့ အဲ့ဒီကုမ္ပဏီတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ ဝန်ထမ်း အသိုင်းအဝိုင်းကဆိုပါတယ်။
D2 ဆိုတဲ့နေရာဟာ ကုမ္ပဏီတွေဘက်ကသတ်မှတ်ထားတဲ့ နယ်မြေအခေါ်အဝေါ်ဖြစ်ပြီး ရေး-ထားဝယ်ကား လမ်းမပေါ်မှာရှိတဲ့ မိကျောင်းလှောင်းရွာကနေ နတ်အိမ်တောင်အဝင် လမ်းပေါ်မှာရှိ တာဖြစ်ပါတယ်။
အက်တာလျံ ကုမ္ပဏီဟာ ပြင်သစ်အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်ပြီး ဇောတိကရေနံနဲ့ သဘာဝဓာတ်ငွေ့စီမံကိန်းမှာ လုံခြုံရေးအပါအဝင် ရေနံ နဲ့ သဘောဝဓာတ်ငွေတွင်းတွေ ပြုပြင်ထိန်းသိမ်းတဲ့ ဝန်ဆောင်မှု အတွက် ထိုင်း ကုမ္ပဏီ PTTEP ကငှားရမ်းထားတာဖြစ်တယ်လို့ ဆိုပါတယ်။
“မနက်ပိုင်း ရုံးသွားတဲ့အချိန်မှာ ကားသိမ်းခံရတာ။ ကားလာသိမ်းတဲ့သူတွေက မွန်အသံဝဲနေတယ်” လို့ Total ကုမ္ပဏီဝန်ထမ်းအမျိုးသားတစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ ကားအသိမ်းခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာကုမ္ပဏီတွေဘက်က ကလိန်အောင်ရဲစခန်းဘက်မှာအမှုဖွင့်တိုင်ကြားထားတယ်လို့ ကုမ္ပဏီဝန်ထမ်းအသိုင်းအဝိုင်းဆီက သိရပါတယ်။
အဲ့ဒီ ကုမ္ပဏီတွေပိုင်ဆိုင်တဲ့ ကားသုံးစီးကို ရေဖြူမြို့နယ် အခြစိုက်တော်လှန်ရေးအဖွဲ့တစ်ဖွဲ့ကသိမ်းယူတယ်လို့ သိရပြီး ဘယ်အဖွဲ့ ကသိမ်းယူသွားတယ်ဆိုတာကိုတော့ ဒီနေ့ထုတ်ပြန်တာမရှိသေးပါဘူး။
“စစ်ကောင်စီ ရဲ့ MOGE ကိုဝင်ငွေဖြတ်တောက်တာမျိုး ကဖြစ်သင့်ပါတယ်။ ကျနော်တို့ အင်အားစုတွေဘက် က သတိပေးလာတာလည်းအကြမ်ကြိမ်ရှိနေပြီ ဒါမျိုးက လုပ်ရမှာပါ။” လို့ ရေဖြူမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုတွေမှာပါဝင်နေတဲ့ ရဲဘော်တစ်ဦးက ပြောပါတယ်။
ကားသိမ်းယူခဲ့တဲ့ အဖွဲ့တွေအနေနဲ့လည်း အချင်းချင်းကြား နားလည်မှုလွဲတာမျိုးမဖြစ်စေဖို့ လူထုဆီ ထုတ်ပြန် အသိပေးသင့်တယ်လို့ အဲဒီရဲဘော်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မိုးရာသီတုန်းကလည်း ရေး-ထားဝယ်ကားလမ်းမတစ်နေရာ ထိုင်းရေနံ နဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေး ကုမ္ပဏီ PTTEP ရဲ့ ဇောတိကစီမံကိန်းက မော်တော်ယာဉ်တချို့ သိမ်းဆည်းခံရတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။