မေလ ၁ ရက် ကမ္ဘာ့အလုပ်သမားနေ့တွင် စားဝတ်နေရေး ကျပ်တည်းနေသည့် လုပ်သားပြည်သူများကို အခြေခံစားသောက်ကုန်များ မျှဝေသည့် လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ဥက္ကဌ ကိုပီတာကြီးကပြောသည်။
“လက်ရှိကာလတွင် အကြမ်းဖက်စစ်တပ်၏ အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော စား၊ဝတ်၊နေ၊ရေး ကြပ်တည်းမှုတွင်လည်း အလုပ်သမားထုကြီးသည် ခါးစည်းခံရလျှက်ရှိပါသည်။ ယခု နိုင်ငံ၏ ပကတိအခြေအနေတွင် ကျွန်ုပ်တို့ တော်လှန်ရေးအင်အားစုများသည် လုပ်သားပြည်သူများနှင့်ကောင်းအတူ၊ဆိုးအတူ တသားတည်းမျှဝေခံစားနေကြပြီး၊ပြည်သူနှင့်အတူ တော်လှန်လျှက်ရှိပါသည်။ထိုသို့ ပြည်သူနှင့်အတူ တသားတည်းရှိနေကြောင်းကိုလည်း ပြသလိုသောရည်ရွယ်ချက်ဖြင့်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စား၊ဝတ်၊နေ၊ရေး ကြပ်တည်း၍အမှန်တကယ်လိုအပ်လျှက်ရှိသော လုပ်သားပြည်သူများအားနိုင်သမျှ ဖေးမကူညီလျှက် “ပြည်သူအချင်းချင်း လက်တွဲကူ”ရင်းအရေးတော်ပုံအောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်ကြရအောင်ပါခင်ဗျာ။” ဟု ၎င်းကပြောသည်။
ပြည်သူများအတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန် ၊ ဆီ ၊ ကြက်ဥတို့ကို အဖွဲ့သားများကိုယ်တိုင် မြေပြင်သို့သွားရောက်ကာထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
အာဏာသိမ်းကာလစတင်ချိန်ကတည်းက ပါဝင်ခဲ့သည့် အလုပ်သမားများ၏ တော်လှန်မှုကို အလေးအနက်ဂုဏ်ပြုကြောင်း နှင့် ခေတ်အဆက်ဆက်တော်လှန်ရေးတိုင်းတွင် အလုပ်သမားများ၏ ပါဝင်မှူသည် အရေးပါသည့် အခန်းကဏ္ဍ၌ပါဝင်ကြောင်း ၎င်းကပြောသည်။