စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ တိုက်ပွဲဖြစ်ပွားနေတဲ့ ဘုတ်ပြင်းမြို့နယ်၊ ၁၀၂၀ တောင် အနီးဝန်းကျင်ကို စစ်ကောင်စီက ဒီကနေ့ နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်ရဲဘော်တွေဆီကနေ သိရပါတယ်။
အဲ့ဒီနေရာအနီးဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားမှုကြောင့် ခရီးသည် တင်ယာဉ်တွေ နဲ့ ကုန်တင်ကားတချို့ ပိတ်မိနေကြတယ်လို့ ဒေသခံတချို့ကပြောပါတယ်။
နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ၁၀၂၀ တောင်အနီးဝန်းကျင်ကို လေကြောင်းကနေ နှစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး ဗုံးအလုံး ၂၀ ကျော်ကြဲချခဲ့တာဖြစ်တယ်လို့ မြေပြင်ရဲဘော်တွေက ဆိုပါတယ်။
“ ကျနော်တို့တပ်တွေဘက်က ထိခိုက်မရှိလိုက်ပါဘူး။ သူတို့က ပစ်မှတ်ကို တိတိကျကျမသိပဲ လာကြဲတဲ့ ပုံစံပါ” လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီဟာ ပထမတကြိမ်မှာ ၁၀၂၀ တောင် အနီးတဝိုက်ကို ဗုံးကြဲချခဲ့တာဖြစ်ပြီး ဒုတိယအကြိမ်မှာတော့ ၁၀၂၀ တောင်ရဲ့ မလှမ်းမကမ်းက ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာတစ်ခုအနီးကို ကြဲချခဲ့တယ်လို့ မြေပြင်ရဲဘော်က ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ၁၀၂၀ တောင်ရဲ့ တောင်ခြေမှာ တိုက်ပွဲကြောင့် လမ်းပိတ်ထားတဲ့အတွက် ခရီးသွားယာဥ်တွေနဲ့ ကုန်ကားတွေ ဧပြီ ၃၀ ရက်နေ့ကတည်းက ပိတ်မိနေတာပဲဖြစ်ပါတယ်။
စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပြီးနောက် ၁၀၂၀ တောင် အနီးဝန်းကျင်မှာ ဖုန်းလိုင်းတွေ ပြတ်တောက်နေတဲ့အတွက် လက်ရှိမှာ လမ်းမှာပိတ်မိနေတဲ့ ခရီးသွားပြည်သူတွေနဲ့ ဆက်သွယ်လို့မရဘဲ နောက်ဆက်တွဲ အခြေအနေတွေကို အတည်မပြုနိုင်သေးတဲ့ အခြေအနေဖြစ်ပါတယ်။
၁၀၂၀ တောင်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေကနေ ပြီးခဲ့တဲ့လ ဧပြီ ၃၀ ရက်ကစပြီး သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေတုန်းဖြစ်တယ်လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့ကစလို့ တနင်္သာရီမြို့နယ်က သိန္ဓောကျေးရွာအုပ်စု၊ သကျက်ကျေးရွာအုပ်စုတွေကို တစ်ပတ်ကျော်ကြာလေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။