ပိုမိုကောင်းမွန်သော အုပ်ချုပ်ရေးယန္တရားနှင့် ပြည်သူလူထု ဝန်ဆောင်မှုပေးနိုင်ရန် လိုအပ်သည့် လူသားအရင်းအမြစ်များ ၊ နည်းပညာများကို ပြည်သူလူထုများမှ မိမိကျွမ်းကျင်ရာ အခန်းကဏ္ဍတွင် ပူးပေါင်းပါဝင်ကြရန် တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်သည်။
TNLA သတင်းပြန်ကြားရေးဌာန၏ ဧပြီအတွက် စာစောင်တွင် ၁၀၂၇ စစ်ဆင်ရေးအပြီး တအာင်းပြည်အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်ခြင်း အခြေအနေနှင့်ပတ်သက်ပြီး အယ်ဒီတာ့အာဘော်ကဏ္ဍ၌ ထိုသို့ တိုက်တွန်းထားခြင်းဖြစ်သည်။
စစ်ကောင်စီအောက်မှ လွတ်မြောက်သွားသည့် တအာင်းဒေသ၊ တအာင်းပြည်အတွင်း PSLF/TNLA မှ အုပ်ချုပ်ရေးယန္တရားလုပ်ငန်း အကောင် အထည်ဖော်ရာတွင် အုပ်ချုပ်ရေးကော်မတီ ဖွဲ့စည်းကာ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ တရားစီရင်ရေး၊ ပညာရေး ကျန်းမာရေး၊ တရားဥပဒေ စိုးမိုးရေး၊ စည်ပင်သာယာနှင့် မြေယာ သဘာ၀သစ်တော ထိန်းသိမ်းရေး လုပ်ငန်းများ ဖော်ဆောင်လျက်ရှိကြောင်း အသိပေးပြီး နည်းပညာနှင့် လူသားအရင်းအမြစ်များ၌ ပြည်သူများဘက်ကမှ ပူးပေါင်းပါဝင်ရန် တိုက်တွန်းခဲ့သည်။
၂၀၂၃ အောက်တိုဘာ ၂၇ရက်က စတင်ခဲ့သည့် မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ စစ်ဆင်ရေးတွင် TNLA သည် နမ့်ဆန်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မန်တုံ၊ မိုင်းငေါ့၊ မိုင်းလုံ မြို့များကို သိမ်းပိုက်နိုင်ခဲ့သည်။
လက်ရှိတွင် TNLAအပါအဝင် ညီနောင်သုံးဖွဲ့သည် တရုတ်နိုင်ငံ၏ ကြားဝင်မှုဖြင့် ရှမ်းမြောက်ဒေသ အပစ်အခတ်ရပ်စဲရေးကို စစ်ကောင်စီနှင့် ဇန်နဝါရီကတည်းက ပြုလုပ်ထားသည်။