ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌ ဟောင်းဒေါက်တာခလမ်ဆမ်ဆွန်အား စစ်ကောင်စီက လွှတ်ငြိမ်းချမ်းသာပေးပြီးနာရီပိုင်းအကြာ၌ ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွားခြင်းနှင့်ပတ်သက်၍ KBCက ယနေ့ မေလ ၃ရက်တွင် သဘောထား ထုတ်ပြန်ခဲ့ရာ ဒေါက်တာခလမ်ဆမ်ဆွန်အား အမြန်ဆုံး မိသားစုနေအိမ်သို့ ပြန်လည်ရောက်ရှိနိုင်ရန် မျှော်လင့်ကြောင်း ဖော်ပြသည်။
စစ်ကောင်စီက မတရားဖမ်းဆီးပြီး ထောင်ဒဏ် ၆နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည့် ဒေါက်တာခလမ်ဆမ်ဆွန်ကို ဧပြီ ၁၇ရက် နှစ်ဆန်းတစ်ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့ပြီး ယင်းနေ့ညပိုင်း၌ စစ်ကောင်စီက ပြန်လည် ခေါ်ဆောင်သွားခြင်းဖြစ်သည်။
လက်ရှိတွင် ဒေါက်တာခလမ်ဆမ်ဆွန်အား မြစ်ကြီးနားထောင် ရိပ်သာ၌ ထားရှိသည်ဟု သိရကြောင်း KBC တာဝန်ရှိသူတစ်ဦးက ပြောသည်။
” သူတို့ကတော့ ငြိမ်းချမ်းရေးအတွက် ခေါ်သွားတယ်လို့တော့ အဲဒီလို ပြောတယ်။ ဒါပေမဲ့ ကျနော်တို့ အမြင်ကျတော့ ဖမ်းထားသလို ဖြစ်နေတယ်။ ဆရာကြီးက ကျန်းမာရေးမကောင်းတော့ ကျနော်တို့ KBCက သူ့ကျန်းမာရေးစောင့်ရှောက်မှုအတွက် အိမ်မှာနေပြီးတော့ ကျန်းမာရေးကုသ စောင့်ရှောက်မှု ခံစေချင်တာပေါ့။ ကျနော်တို့ သဘောထားမှာလည်း အဲဒါ ထုတ်ပြန်ထားပါတယ်”ဟု KBC တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီက ဒေါက်တာခလမ်ဆမ်ဆွန်ကို ပြန်ခေါ်ခြင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးရန်ဟု အကြောင်းပြထားခြင်းဖြစ်သည်။
လက်ရှိတွင် ဒေါက်တာခလမ်ဆန်ဆွန်အနေဖြင့် နေ့ဘက်တွင် မိသားစုဝင်နှင့်တွေ့ခွင့်ရှိသည်ဟု သိရသည်။
” ကျနော်တို့ ဆရာကြီးကို ကျန်းမာရေးနည်းနည်းချို့ယွင်းလာတဲ့အတွက်ကြောင့် အိမ်မှာနားနေပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှု အဲဒါ ယူခိုင်းစေချင်တယ်”ဟုလည်း KBC တာဝန်ရှိသူက ပြောသည်။
KBC၏ လက်ရှိအကြံပေးဖြစ်သူ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်သည် အသက်အရွယ် ရလာသည်နှင့်အမျှ ကျန်းမာရေးအားနည်းခြင်းကြောင့် ဆေးဝါးကုသမှုခံယူရန်လိုအပ်နေသူဖြစ်ကြောင်း၊ မိသားစု နေအိမ်သို့ အမြန်ဆုံး ပြန်လည်ရောက်ရှိနိုင်ရန် အထူးမျှော်လင့် လျက်ရှိကြောင်း KBC၏ ယနေ့ သဘောထား ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။