မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားလေးဦးသေဆုံးပြီး ခုနစ်ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) က တာဝန်ရှိသူက ပြောသည်။
မုပ္ပလင်စစ်ဆေးရေးဂိတ်ကို စစ်ရေးပစ်မှတ် အဖြစ်သတ်မှတ်ကာ KRF၊KNLA၊Night Hawks နှင့် ကျိုက်ထို ပကဖတို့ပူးပေါင်းပြီး မေလ ၁ရက် နံနက် ၇ နာရီ မိနစ် ၄၀ခန့်က တိုက်ခိုက်ခဲ့သည်ဟု KRF က ယနေ့ ထုတ်ပြန်သည်။
“မုပ္ပလင်လမ်းဆုံဂိတ်က ယာယီစခန်းပုံစံမျိုးနဲ့ အထိုင်ချပြီး ခရီးသွားပြည်သူတွေကို စစ်ဆေးတာတွေလုပ်လေ့ရှိတယ်။မုပ္ပလင်လမ်းဆုံဂိတ်မှာက စစ်တပ်၊ ရဲနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ထိုင်တယ်”ဟု KRF တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။
ဒရုန်းဖြင့် ဗုံးသီး လေးလုံးကြဲချတိုက်ခိုက်ခဲ့ရာ လေးဦး သေဆုံးပြီး အရာရှိတစ်ဦးနှင့် အခြားအဆင့် ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း၊ထို့ပြင် နောက်ဆက်တွဲ သတင်းအရ ရဲမေတစ်ဦးမှာလည်း ပြင်းထန်ဒဏ်ရာရရှိကြောင်းအသိပေးသည်။
ဧပြီပထမပတ်ကလည်း မုပ္ပလင်လမ်းဆုံဂိတ်ကို တိုက်ခိုက်ခဲ့ရာ ရဲသုံးဦး သေဆုံးပြီး ၅ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကာ ရဲကားနှစ်စီးပျက်စီးကြောင်း KRFက ထုတ်ပြန်ထားသည်။
ထို့အပြင် လက်နက်ကိုင်ဆောင်ထားသည့် ကျိုက်ထိုမြို့နယ်၊မရမ်းချောင်း(ရွှေဖြူ) အကျဉ်းဦးစီး၏ လက်ထောက်ညွှန်ကြားရေးမှူးဦးဝင်းအောင်အား မေလ ၂ရက်တွင် KRF က ရှင်းလင်းခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်ရေးတင်းမာနေပြီး ရေးမြို့နယ်မှ စစ်ကောင်စီတပ်စခန်းတစ်ခုကိုလည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။