အကြမ်းဖက်စစ်ကောင်စီကို ပိုမိုထိရောက်စွာ တိုက်ခိုက်နိုင်ရေး အတွက် 10 KG Drone ဝယ်ယူနိုင်ဖို့ အညာ မိုးကြိုး ကမ်ပိန်းကို ပြုလုပ်ခဲ့တာလို့ ပခုက္ကူခရိုင် တပ်ရင်း ၁၄ တပ်ခွဲ ၂ ရဲ့ တာဝန်ခံ ကိုဘလက်က ပြောပါတယ်။
“လက်ရှိ ရှိနေတဲ့ 1KG Drone က ထိရောက်တဲ့ damage အားနည်းတာကြောင့်ရယ်၊ဗုံးသီးနည်းနည်းပဲသယ်လို့ရတာရယ်၊ဂျန်ပါကြောက်ရတာရယ်၊တိုက်ပွဲအတွင်းမှာ ထိရောက်တဲ့ အစိတ်ပိုင်းတစ်ခုဖြစ်ချင်တာရယ်ကြောင့်ပါ” လို့ ကမ်ပိန်းပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကို ကိုဘလက်က ပြောပါတယ်။
မကောင်းတာလုပ်တဲ့သူတွေကို မိုးကြိုးပစ်ပြီး ဆုံးမတဲ့ အယူအဆရှိသလို သူတို့အဖွဲ့အနေနဲ့လည်း အကြမ်းဖက်မှုတွေလုပ်ဆောင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒရုန်းနဲ့ ရှင်းလင်းမှုတွေလုပ်ဆောင်ဖို့ရည်ရွယ်ထားတာပါ။
လက်မှတ်တစ်စောင်ကို ငွေကျပ် နှစ်သောင်း သတ်မှတ်ထားပြီး ဒရုန်းဝယ်ယူဖို့ ကျပ် သိန်း ၂၅၀ ကျော်လိုအပ်တာကြောင့် လက်မှတ်တစ်ထောင်ကျော်ရောင်းချနိုင်ဖို့လိုအပ်ပါတယ်လို့ သူကဆိုပါတယ်။
ဒီကမ်ပိန်းကို ဧပြီ ၃၀ ရက်မှာစတင်တာဖြစ်ပြီး ကမ်ပိန်းကာလသုံးပတ် ရည်ရွယ်ထားတယ်လို့ သူတို့အဖွဲ့ကကြေညာထားပါတယ်။
ဒီကမ်ပိန်းမှာပါဝင်သူတွေအတွက် မေတ္တာလက်ဆောင် အနေနဲ့ ဆိုင်ကယ်တစ်စီး ၊ ဖုန်း နှစ်လုံးနဲ့ ငွေသားလက်ဆောင်တွေပေးဖို့လည်း စီစဉ်ထားပါတယ်။
“အညာဒေသမှာ drone တွေ တွင်တွင်ကျယ်ကျယ်အသုံးပြုပြီး စစ်ရေးအတွက် အရေးပါတဲ့အရွေ့တစ်ခုဖြစ်လာဖို့ အညာမိုးကြိုး ကမ်ပိန်းကို ကူပေးကြပါလို့” လို့ ကိုဘလက်ကတောင်းဆိုထားပါတယ်။