မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်ကို ပျူစောထီးအဖွဲ့က ဓါးပြဝင်တိုက်ကာ အိမ်ရှင်အား ရိုက်နှက်ပြီး ငွေကျပ်သိန်း ၃၀ ယူဆောင်သွားကြောင်း ဒေသခံများက ပြောသည်။
မေလ ၂ ရက်ညက ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့ပေါ်ရဲစခန်းအနီး အ.ထ.က ကျောင်းတောင်ဘက်ရှိ နေအိမ်တစ်အိမ်ကို လက်နက်ကိုင်ပျူစောထီးများ ဝင်ရောက်ဓါးပြတိုက်သွားခဲ့ပြီး လူကိုရိုက်နှက်၍ ငွေကျပ်သိန်း ၃၀နှင့် ဖုန်းငါးလုံးယူဆောင်သွားကြောင်း ဒေသခံများက ပြောသည်။
“အိမ်ရှင်အမည်က ကိုနောင်နောင်တဲ့။ စွမ်းထက်သာ ယာဉ်လိုင်းမှာ ရှယ်ယာထည့်ထားသူ စီပွားရေးသမားပေါ့။ တပည့်တပန်း အိမ်သားတွေရှိတဲ့အထဲမှ အားလုံးမှောက်ခိုင်းထားပြီး သူကိုပဲ ရွေး ဝိုင်းထိုးကြတာတဲ့။ ပြီးတော့ ငွေသား နဲ့ ဖုန်းတွေယူသွားတာတဲ့”ဟု ငါန်းဇွန်သတင်းစုံ၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဓားပြတိုက်ခံရသည့်အိမ်သည် မြို့သာရဲစခန်းနှင့် အ.ထ.က ကျောင်းသာခြားပြီး စစ်အုပ်စုက လာရောက်စစ်ဆေးခြင်းပင်မရှိကြောင်း မြို့သာနယ်ခံများက ပြောသည်။
ငါန်းဇွန်မြို့နယ်တွင် စစ်ကောင်စီတပ်က ပြည်ခိုင်ဖြိုးနှင့် တစညပါတီဝင်များ၊ တပ်ထောက်ခံသူများအား စည်းရုံးပြီး မြို့နယ်အားကစားရုံထဲတွင် ရက်တို စစ်သင်တန်းပေးနေကြောင်း၊ ထို့အပြင် သေနတ်များလည်း ထုတ်ပေးထားပြီး ငါန်းဇွန်နယ်အတွင်း လှည့်လည် ရမ်းကားနေကြကြောင်း ဒေသခံများထံမှ သိရသည်။
မြို့သာမြို့သည် တံတားဦး-မြင်းခြံလမ်းပေါ်တွင်တည်ရှိပြီး ယင်းမြို့ရှိ စစ်အုပ်စုက ခရီးသွားယာဥ်များအား ခြိမ်းခြောက်စစ်ဆေးငွေညှစ်လေ့ရှိသည်။