ရွှေတြိဂံနယ်စပ် လာအိုနိုင်ငံ၊ ကာစီနိုမြို့တော်မှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ၁၇ ယောက်ကို စစ်ကောင်စီက ထောက်ပို့လို့ စွပ်စွဲပြီး လာအိုရဲတွေဆီ အကြောင်းကြားပြီး ဖမ်းဆီးခိုင်းခဲ့တယ်လို့ စုံစမ်းသိရပါတယ်။
လာအိုနိုင်ငံအတွင်း အလုပ်လုပ်နေတဲ့ အလုပ်သမား အမျိုးသား ၁၃ ဦး အမျိုးသမီး ၄ ဦးကို နာမည်စာရင်းပေးပြီး လာအိုဘက်တာဝန်ရှိသူတွေကို သင်္ကြန်အကြိုနေ့ ဧပြီလ ၁၃ ရက်မှာ ဖမ်းဆီးခဲ့ပြီး မေလ ၃ ရက်နေ့ နေ့လည်ပိုင်းမှာ မဲခေါင်မြစ်ကနေတဆင့် မြန်မာစစ်တပ်လက်ကို အပ်လိုက်တယ်လို့ လာအိုရောက်မြန်မာသတင်းရင်းမြစ် ၁ ဦးက ပြောပါတယ်။
“မနေ့က မဲခေါင်မြစ်ကူးပြီး ပို့လိုက်တာတွေ့တယ်။ မြန်မာဘက်ခြမ်းရောက်တာနဲ့ အိပ်အမဲတွေစွတ်ပြီး ကားပေါ်တင် တခါတည်း ကျိုင်းတုံပို့တယ်လို့ ကြားရတယ်။ ညကြတော့ စစ်ဆေးရင်း တစ်ယောက်သေသွားတယ်လို့ သတင်းကြားတယ်လို့” သူက ပြောပါတယ်။
အရင်က စစ်ကောင်စီအနေနဲ့ သူတို့အလိုရှိသူတွေကို ဖမ်းပေးဖို့ နယ်ခြားကော်မတီ(TBC)အစည်းဝေးတွေကတဆင့် ထိုင်းနိုင်ငံဘက်ကို တောင်းဆိုတာတွေရှိပေမယ့် လာအိုနိုင်ငံနဲ့ နယ်ခြားကော်မတီမရှိတဲ့အတွက် တရားခံဖမ်းဆီးပေးဖို့ တောင်းဆိုတာတွေမရှိခဲ့ပါဘူး။ လာအိုစစ်တပ်နဲ့ မြန်မာစစ်တပ်အချင်းချင်း တွေ့ဆုံတဲ့ ဒေသဆိုင်ရာ(RBG)အစည်းအဝေးတွေကို ကျိုင်းတုံမှာ ကျင်းပလေ့ရှိပါတယ်။
ရွှေတြိဂံဧရိယာ မဲခေါင်မြစ်တဖက်ကမ်း လာအိုနိုင်ငံအတွင်းက ကာစီနိုစီးပွားရေးဇုန်မှာ မြန်မာနိုင်ငံသားအလုပ်သမားတွေဟာ ၂၀၀၆ ခုနှစ်ကတည်းက စတင် ဝင်ရောက်အလုပ်လုပ်ကိုင်နေတာဖြစ်ပြီး လက်ရှိမှာလူဦးရေ (၅)သောင်းကျော် နေထိုင်နေပါတယ်။
လာအိုမှာ ရခိုင်ရွာလို့ အမည်ပေးထားတဲ့ ရွာတည်ကာ နေထိုင်ကြပြီး ဆောက်လုပ်ရေး၊ စားသောက်ဆိုင်၊ ဟိုတယ်လုပ်ငန်းတွေမှာ ဝင်ရောက် အလုပ်လုပ်ကိုင်နေကြတာဖြစ်ပါတယ်။