ရခိုင်ပြည် အမ်းမြို့နယ် တပ်တောင်မြို့အနီး မင်းတက်ကျေးရွာကို ယနေ့ မေလ ၄ ရက်နေ့ နေ့လယ် ၂ နာရီအချိန်ခန့်တွင် စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံး ကြဲချခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
တိုက်ပွဲတစ်စုံတစ်ရာမရှိဘဲ စစ်ကောင်စီသည် လူနေကျေးရွာများကို လာရောက်ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး အသက် ၂၀ ကျော် အမျိုးသမီးတစ်ဦးမှာ ဒဏ်ရာပြင်းထန်၍ အသက်လုနေရကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။
“တိုက်ပွဲမရှိဘဲ ဒီနေ့ နေ့လယ် ၂ နာရီလောက်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲတာ။ နှစ်လုံးကျတယ်။ ပြည်သူတွေကို သေစေချင်လို့ ပစ်တာလား၊ ဘာကြောင့်လဲတော့ မသိဘူး။ ဒီမှာတော့ အသက် ၂၀ ကျော်အမျိုးသမီးတစ်ဦး အသက်လုနေရပါတယ်။ ခန္ဓာကိုယ်မှာ အပေါက် ၄ ပေါက် ဒဏ်ရာ ရသွားတယ်။ အရေးပေါ်ဆေးကုသခံယူနေရပါတယ်။ တခြား အမျိုးသားအပါအဝင် ၃ ဦးထက်မနည်းလည်း ထိခိုက်ဒဏ်ရာ ရရှိထားတယ်လို့ သိရပါတယ်။ ကျနော်တို့လည်း စုံစမ်းနေဆဲပါ” ဟု ပြောသည်။
မင်းတက်ကျေးရွာအတွင်း ထိခိုက်သေဆုံးမှုစာရင်းနှင့် နေအိမ်ပျက်စီးဆုံးရှုံးမှုစာရင်းကို Western News မှ စုံစမ်းနေဆဲဖြစ်ပြီး ကနဦး သတင်းအရတော့ အမျိုးသမီးတစ်ဦးမှာ အသက်အန္တရာယ် အလွန်စိုးရိမ် ရသည်ဟု သိရသည်။
မတ်လ ၂ ရက်နေ့ကလည်း တပ်တောင်မြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တပ်တောင်မြို့ထဲရှိ အထက်တန်းစာသင်ကျောင်းမှာ မီးလောင်ပျက်စီးခဲ့သည်။
အမ်းမြို့နယ်အတွင်း လူနေကျေးရွာများနှင့် ဆေးရုံ၊ ဆေးခန်းရှိရာ နေဒေသများကို စစ်ကောင်စီသည် နေ့စဉ်နှင့်အမျှ လက်နက်ကြီးပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကို ပြုလုပ်နေသည်။
အာရက္ခတပ်တော် AA ကလည်း စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ၏ အဓိက အရေးပါသော တောဟိန်းတောင်ဗျူးကုန်းကို သိမ်းပိုက်ခဲ့သည်။