ဆွမ်ပရာဘွမ်မြို့အခြေစိုက် စစ်ကောင်စီ ခလရ-၄၆ ကို ကချင်လွတ်လပ်ရေးတပ်မတော်-KIA ဦးဆောင်သောတော်လှန်ရေးတပ်ဖွဲ့များက ယနေ့(မေလ ၅ရက်)နံနက်အစောပိုင်းတွင်တိုက်ခိုက်သိမ်းပိုက်လိုက်သည်။
“ဆွမ်ပရာဘွမ်မြို့နယ် Sold Outပါ” ဟု ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) တာဝန်ရှိသူတစ်ဦးဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရသော ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးချန်းဂျော်ရမ်က ပြောသည်။
ဆွမ်ပရာဘွမ်မြို့မှ စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့စစ်များအပါအဝင်အင်အား ၂၀၀ ကျော် ရှိသောခလရ ၄၆ ကို မေလ ၅ ရက် နံနက် ၈ နာရီတွင်အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။ စစ်တပ်နောက်ဆုံးစခန်းသိမ်းနိုင်ခြင်းဖြစ်ပြီး မြို့ကိုလည်း အပြည်အဝ ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
KIA ဦးဆောင်၍ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) ၊ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF)၊ ကျောင်းသားတပ်(ABSDF)စသော တော်လှန်ရေးတပ်များကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“၄၆ တပ်ရင်းက ပူတာအိုဗျူဟာနဲ့ တွဲထိုင်ထားတာပါ။ ဆွမ်ပရာဘွမ်မှာ တခြားတပ်ရင်းမရှိတော့ပါဘူး။ဒီကနေ့ထွက်မပြေးခင်အထိ ဝိုင်းပိတ်ပြီး ခေါင်းမဖော်နိုင်အောင်လုပ်ထားတာ။ ဖြတ်လေးဖြတ်မက ဖြတ်တောက်ထားပြီး အလံဖြူထောင်ခိုင်းတာ မထောင်ခဲ့ကြဘူး” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။
ခလရ(၄၆)တပ်ရင်းကို မတ်လလယ်မှစတင်ကာ KIA၊KPF ၊ ABSDF ၊ KPDF စသောပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ကြောင်း၊ ဒုတိယခံစစ်အကာစည်းရိုးကိုဧပြီလကုန်တွင် ဝန်းရံပိတ်ဆို့ထားခဲ့ပြီး ယခုအခါ တပ်ရင်းတစ်ခုလုံးအားရရှိခြင်းဖြစ်ကြောင်း KPDFနှင့် နီးစပ်သူတစ်ဦးကပြောသည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ခေါင်းလန်ဖူးဌာနေပြည်သူ့စစ်က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပြည်သူ့စစ်များလက်နက်ချရန် တိုက်တွန်းခဲ့သော်လည်း မချ၍ တိုက်ခိုက်ခဲ့ရကြောင်း KPDF ရဲဘော်တဦးကပြောသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီမှလေကြောင်းမှအပြင်းအထန်လာရောက်တိုက်ခိုက်ခဲ့သည့်ကြားမှ တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းယူခဲ့ခြပြီး ယခုအခါ နယ်မြေရှင်းလေးလုပ်ဆောင်နေကြောင်း သိရသည်။
စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြီး ဖမ်းဆီးရမိသူများလည်းရှိကြောင်းသိရသော်လည်း အသေးစိတ်မသိရှိရသေးပေ။
KIA ဦးဆောင်သော တော်လှန်ရေးတပ်များသည် ယခုအခါ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှ ကဂမ်ရွာရှိ စစ်ကောင်စီစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ယင်းနေရာအနီးရှိ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက စစ်ကောင်စီသိမ်းယူခဲ့သည့် နာမည်ကြီး ဂီဒွန်တောင်ကုန်းကိုလည်း ဝိုင်းရံပိတ်ဆို့ထားကြောင်း သတင်းရရှိသည်။