စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့၍ မင်းတန်းကျေးရွာရှိ နေအိမ် လေးလုံး မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့ည ၁၂နာရီခွဲခန့်က မြောင်မြို့နယ်၊ မင်းတန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ နေအိမ် လေးလုံး မီးလောင်ပျက်စီးကာ နွားလေးကောင် သေဆုံးခဲ့ကြောင်း မြောင်CDSOM အဖွဲ့မှ ကိုနွေဦး(မြောင်)က ပြောသည်။
မြောင်မြို့နယ်အတွင်း မေလ ၁ ရက်မှစတင်ကာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး ဒေသကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားနေသည်။
“တိုက်ပွဲကတော့ သူတို့စဝင်တဲ့ ၁ရက်နေ့ကနေ ရှိနေတာ။ ၄ရက်နေ့ညကျ ရေကြောင်းရော လေကြောင်းရောနဲ့ လာပစ်သွားကြတာ။ ပြည်သူတွေကတော့ စစ်ကြောင်းစဝင်တဲ့၁ရက်နေ့ကတည်းက ရှောင်နေကြတော့ ထိခိုက်မှုမရှိခဲ့ပါဘူး။”ဟု ကိုနွေဦး(မြောင်)က ပြောသည်။
အဆိုပါ စစ်ကြောင်းသည် မေလ ၁ ရက်မှစတင် ကာ မြင်းခြံနယ်၊ ဆီမီးခုံဘက်မှ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး သုံးရက်ဆက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၁ ဦးသေဆုံးခဲ့သည်ဟု Myaung PDF CDSMOက အသိပေးထားသည်။
ပြီးခဲ့သည့် ဧပြီအတွင်းကလည်း အဆိုပါစစ်ကြောင်းသည် မြင်းခြံနယ်၊ ဧရာဝတီမြစ်ရိုးတလျှောက်ကျေးရွာများအား စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သေးသည်။