The Way Musical Film ပြသမှု၊ အမှတ်တရပစ္စည်းများရောင်းချမှုတို့ကနေ ရရှိတဲ့ တော်လှန်ရန်ပုံငွေတွေ ရရှိသုံးစွဲမှု စာရင်းရှင်းပွဲကို မေ ၅ ရက် ညနေ ၆ နာရီမှာ အွန်လိုင်းကတဆင့် ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ ရှင်းလင်းပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ၊ The Way Musical Film ဖန်တီးထုတ်လုပ်သူ အဆိုတော် လင်းလင်း၊ သရုပ်ဆောင် အဆိုတော် ချစ်သုဝေ နဲ့ The Way အဖွဲ့သားတွေ၊ ရန်ပုံငွေလက်ခံရေးလုပ်ငန်းစဉ်မှာ ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြတဲ့ ကမ္ဘာအရပ်ရပ်က Fund Raiser တွေတက်ရောက်ခဲ့ကြပါတယ်။
ပြည်ထောင်စုဝန်ကြီးချုပ်က “ဒီတော်လှန်ရေးဟာ စနစ်ပြောင်းတဲ့တော်လှန်ရေး နိုင်ငံသစ်တည် ထောင်တဲ့ တော်လှန်ရေးဖြစ်တဲ့အတွက် ဒီလိုတော်လှန်ရေးမှာ တတပ်တအားပါဝင်ပေး ကြတဲ့အတွက် The Way မိသားစုကို အလွန်ကျေးဇူးတင်ကြောင်း၊ မိမိအနေနဲ့လည်း The Way မိသားစုထဲမှာ ပါဝင်ခွင့်ရလို့ ဂုဏ်ယူပါကြောင်း၊ တော်လှန်ရေးမှာ ဘဏ္ဍာရေးက အင်မတန်မှ အရေးပါသလို ယခုအချိန်အထိ ပြည်သူတွေရဲ့ ချွေးနဲစာနဲ့ ထောက်ပံ့ငွေနဲ့ သွားနေရတာဖြစ်ကြောင်း The Way ကနေရတဲ့ငွေတွေကို ပညာရေး၊ ကျန်းမာရေးနဲ့ တော်လှန်ရေးအတွက် လိုအပ်တဲ့ ကိစ္စရပ်တွေမှာ စိစိစစ်စစ်နဲ့ သုံးစွဲနေကြောင်း” ပြောကြားခဲ့ပါတယ်။
The Way Musical Film ရိုက်ကူးသူ အဆိုတော်လင်းလင်းကလည်း The Way ခေါင်းစဉ် အောက်ကနေ ရရှိလာတဲ့တော်လှန်ငွေတွေကို အဖိတ်အစင်မရှိ ထိထိရောက်ရောက် တစ်ရာ ရာခိုင်နှုန်း ပေါက်ရောက်ဖို့အတွက် ကျနော်တို့ အားလုံး ကြိုးစားလုပ်ဆောင်နေပါတယ် လို့ ပြောကြားသွားပါတယ်။
The Way Musical Film ပြသမှု၊ အမှတ်တရပစ္စည်းများရောင်းချမှုတွေကတဆင့် မြန်မာကျပ်ငွေ ၂၈၇,၇၅၉,၄၆၅ ကျပ် (ထိုင်းဘတ် – ၂၄,၂၀၅,၄၃၇.၄၇ ဘတ်) ရရှိခဲ့ပြီး အဆိုပါ တော်လှန် ရန်ပုံငွေတွေကို အညာဒေသအတွက် တမြို့နယ်လျှင် သိန်း (၅၀)စီနဲ့ ကလေးငယ်တွေအတွက် ကျောင်း၊ စာကြည့်တိုက်၊ ကစားကွင်း၊ စစ်ဘေးရှောင်တွေအတွက် ဆန်၊ အဆောက်အအုံ၊ ကရင်နီပြည်နယ်အတွက် ဆေးရုံ (၂) ရုံ နဲ့ လူနာတင်ကားတွေ ၊ Music School (၁) ကျောင်း ၊ ကရင်ပြည်နယ်အတွက် ဆေးရုံတွေနဲ့ ဒဏ်ရာရရဲဘော်တွေ ခွဲစိတ်ကုသမှုတွေ ၊ အခြား ရန်ကုန်၊ ဧရာဝတီ စတဲ့ ဒေသတွေအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ကူညီပံ့ပိုးပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ရရှိလာတဲ့ ရန်ပုံငွေတွေကို ရန်ပုံငွေစီမံခန့်ခွဲရေးအဖွဲ့ က စနစ်တကျ စီမံခန့်ခွဲပြီး လိုအပ်နေတဲ့ အခန်းကဏ္ဍတွေမှာ ထိထိရောက်ရောက်သုံးစွဲနိုင်ဖို့အတွက် မြေပြင်နဲ့ တိုက်ရိုက်ချိတ်ဆက် လှူဒါန်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။