စစ်ကိုင်းတိုင်း၊ ကလေးမြို့က အကြမ်းဖက်စစ်ကောင်စီရဲ့ ဒေသကွပ်ကဲရေးမှူးစစ်ဌာနချုပ် ကလေး(ရုံး)နဲ့ လေယာဥ်ကွင်းအပါအဝင် အထိုင်တပ်စခန်းတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Wings of Kalay မနေ့က ညမှာ ထုတ်ပြန်လိုက်ပါတယ်။
အဲဒီလိုတိုက်ခိုက်ရာမှာ Shar Htoo Waw Drone နည်းပညာ Fixed Wing Drone မောင်းသူမဲ့ လေယာဉ်ငယ်တွေ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေး Drone တပ်ဖွဲ့ (Wings of Kalay Drone Team) က ထုတ်ပြန်တာပါ။
ကလေးမြို့အတွင်းရှိ ဒေသကွပ်ကဲရေးမှူးစစ်ဌာနချုပ် ကလေး(ရုံး)ကို မေ ၆ ရက် မနက်ပိုင်းမှာ ဗုံးသီး (၂)လုံးနဲ့ တိုက်ခိုက်ခဲ့သလို အကြမ်းဖက် စစ်ကောင်စီ ထောက်ပို့ယာဉ် ဆင်းနေချိန်အတွင်း ကလေးမြို့ လေယာဉ်ကွင်းအတွင်း ဗုံးသီး (၄)လုံး ၊ အကြမ်းဖက်စစ်တပ်ရဲ့ ထောက်ပို့တပ် (ထပရ-၉၃၄)ကို ဗုံးသီး (၃)လုံးတို့က်ိုဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Wings of Kalay Drone Team နဲ့အတူ Kalay Revolution Force (KRF) ကလေးဒေသ တော်လှန်ရေးတပ်၊ မြို့ပြစီမံချက်UGအဖွဲ့၊ ကလေးဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး Fixed Wing Drone တွေ အသုံးပြုကာ Air Bomb တွေ ၉ လုံးတိတိ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မေ ၂ ရက်မှာလည်း ကလေးမြို့နယ် တောင်ပိုင်းရှိ ကြံသာရွာက စစ်ကောင်စီ အထိုင်တပ်စခန်းကို ဗုံးသီး(၂)လုံး ၊ ကြံသာရွာရှိ အထိုင်စခန်းကနေ အောင်မင်္ဂလာရွာကို စစ်ကြောင်းထိုးလာတဲ စစ်ကောင်စီစစ်ကြောင်းကို ဗုံးသီး (၄)လုံး ကြဲချတိုက်ခိုက်ခဲ့သေးတယ်လို့ Wings of Kalay က ဆိုပါတယ်။
တိုက်ခိုက်မှုတွေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ထိခိုက်ဒဏ်ရာတွေ၊ နေရာပျက်စီး ဆုံးရှုံးမှုတွေ ရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ကလည်း လေယာဉ်ငယ်တစ်စီး ဆုံးရှုံးကာ ပူးပေါင်းမဟာမိတ်တပ်က ရဲဘော်တွေ ဘေးကင်းအောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။