မန္တလေးမြို့စက်မှုဇုန်တွင် လျှပ်စစ်ဓာတ်အားမလုံလောက်၍ စက်မှုလုပ်ငန်းအချို့အား လျှပ်စစ်ဓာတ်အားဖြင့် လုပ်ငန်းလုပ်ကိုင်ခြင်းမပြုရန် စစ်ကောင်စီက တားမြစ်ထားကြောင်း သတင်းရရှိသည်။
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုန်ရှိ ကြေး၊ ဒါန်၊ သတ္တု၊ သံရည်ကျို၊ သံနန်းဆွဲ လုပ်ငန်းများ ယမန်နေ့ (မေလ ၆ ရက်)မှစ၍ လျှပ်စစ်ဓာတ်အား သုံးစွဲခြင်းမပြုရန် စစ်ကောင်စီ လက်အောက်ခံ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက စာပို့ထားကြောင်း စက်မှုလုပ်ငန်းရှင်များက ပြောသည်။
“တကယ်တမ်း ကိုယ့်မီးစက်နဲ့ကို လုပ်နေရတာကြာပြီ။ မီးက လာမှမလာတာ။”ဟု မန္တလေးစက်မှုဇုန်ရှိ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ဓာတ်အားရရှိလာပါက ထပ်မံအကြောင်းကြားမည်ဟုဆိုပြီး ဓာတ်အားသုံးစွဲနေပါက အရေးယူရုံမက ဓာတ်အားပါ ဖြတ်တောက်မည်ဟု သတိပေးထားသည်။
လက်ရှိ မန္တလေးမြို့၏ မီးပေးဝေမှုပုံစံမှာ ၄ နာရီလာ ၈ နာရီပြတ်စနစ်ဖြစ်ပြီး မီးလာချိန် ၄ နာရီဆိုသော်လည်း အပြည့်အဝရရှိခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။
လျှပ်စစ်ဓာတ်အားပုံမှန်မရရှိမှုမှာ မန္တလေးမြို့တစ်ခုတည်းသာမကဘဲ တစ်နိုင်ငံလုံးရင်ဆိုင်နေရပြီး စက်မှုလုပ်ငန်းရှင်များ လုပ်ငန်းဆက်လက် လည်ပတ်နိုင်ရန် အခက်အခဲများကြုံတွေ့နေရသည်။
စစ်ကောင်စီသည် တစ်နိုင်ငံလုံး လျှပ်စစ်လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းသာ ထုတ်လုပ်နိုင်ကြောင်း ဝန်ခံထားသည်။ စစ်ကောင်စီလျှပ်စစ်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရန်ကုန်ကို ၄၆ ရာခိုင်နှုန်း၊ မန္တလေးကို ၁၆ ရာခိုင်နှုန်း၊ ကျန်သည့်တိုင်းနှင့်ပြည်နယ်များကို ၃၈ ရာခိုင်နှုန်း ခွဲဝေပေးထားသည်ဟု ဆိုသည်။