တောင်ကြီးမြို့ မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို မိမိကိုယ်ကိုယ်ကာကွယ်နိုင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အရင်ပတ်ကစပြီး စစ်ကောင်စီက စစ်သင်တန်းတက်ခိုင်းထားတယ်လို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
စစ်သင်တန်းကို တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်ရှိ အမှတ် ၃၅၇ အမြောက်တပ်ရင်းမှာ ၂ ပတ်တက်ရမှာ ဖြစ်ပြီး သင်တန်းဆင်းပြီးတဲ့နောက်မှာ အုပ်ချုပ်ရေးမှူးတွေကို တရားဝင် သေနတ်ကိုင်ခွင့်ပြုမယ်လို့ ဆိုပါတယ်။
တောင်ကြီးမြို့ လမ်းမတော်ရပ်ကွက်မှာ နေထိုင်သူ တစ်ဦးက “ဒီနေ့ရပ်ကွက်ရုံးသွားတာ၊ အုပ်ကြီးမရှိဘူး၊ စစ်သင်တန်းတက်နေရတယ်တဲ့၊ ပြီးရင် သေနတ်ပေးထားမယ်၊ တခြားရပ်ကွက် အုပ်ကြီးတွေလည်း ပါလောက်တယ်” လို့ ပြောပါတယ်။
အုပ်ချုပ်ရေးမှူးတွေကို စစ်သင်တန်းပေးတာနဲ့ပါတ်သတ်ပြီး စစ်ကောင်စီက သတင်းအတိအကျထုတ်ပြန်တာမရှိသေးပေမယ့် မြို့ပေါ်ကွက်နဲ့ ကျေးရွာတွေက အုပ်ချုပ်ရေးမှူးတွေလဲ အသုတ်လိုက်ပါဝင်နိုင်တယ်လို့ စုံစမ်းသိရှိရပါတယ်။
ရာအိမ်မှူးနဲ့ နီးစပ်သူ တစ်ဦးက “အုပ်ကြီးတွေလည်း ဖိအားပေးခံနေရတယ်။ သူတို့ လုပ်ရင်လည်း PDF ကိုကြောက်ရတယ်။ မလုပ်ပြန်ရင်လည်း စစ်တပ်ကို ကြောက်ရတယ်။ ဒီချိန်မှ နှုတ်ထွက်လို့လည်း မရတော့ဘူး။ နီးရာဓါး ကြောက်နေရတယ်။ အခုစစ်သင်တန်းလည်း ဘယ်သူမှ မတက်ချင်ကြဘူး။ အုပ်ကြီးပြီးရင် ရာအိမ်မှူးအလှည့် လာမယ်” လို့ ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ နှစ် နှစ်လည်ပိုင်းကတည်းက တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေကို စစ်ကောင်စီက ပထမဆုံး သေနတ်ကိုင်ဆောင်ခွင့်ပေးခဲ့ပြီး သူ့ရဲ့ မဟုတ်မမှန် သတင်းပေးမှုကြောင့် တောင်ကြီးမြို့ခံ စုစုပေါင်း အယောက် ၆၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရဖူးပါတယ်။