မကွေးတိုင်း ဆောမြို့နယ် ကျောက်ထုရှိ စစ်ကောင်စီ အမြောက်တပ်၊ ရဲစခန်းနှင့် လေယာဉ် ကွင်းတို့ကို ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နှင့် ပူးပေါင်းတပ်ဖွဲ့များက ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်မှုရှိခဲ့ကြောင်း ဆောနယ် သတင်းရင်းမြစ်က ပြောသည်။
ကျောက်ထုရှိ အမြောက်တပ်(၃၆၈)၊ ကျောက်ထု လေယာဉ်ကွင်း၊ ကျောက်ထုနယ်မြေရဲစခန်းတို့ကို မကွေးတိုင်း ပကဖ၏ စီစဉ်ညွှန်ကြားမှုဖြင့် ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဂန့်ဂေါခရိုင် အမှတ်(၈)၊အမှတ်(၉) တပ်ရင်း၊ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ လက်ရုံးတပ်ဖွဲ့၊ ကျောက်ထုတိုက်နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့ ပူးပေါင်းတပ်ဖွဲ့ များမှ ရဲဘော်အင်အား ၄၆ဦးတို့က မေလ ၆ရက် နံနက်တွင် အလစ်အငိုက်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။
မေလ ၆ရက် နံနက် မှစ၍ နေရာလေးနေရာ ခွဲ၍ အဓိကကျသော ရန်သူ့နေရာများကို အလစ် အငိုက်တိုက်ခိုက်ခဲ့ရာ ကျောက်ထု လေယာဉ် ကွင်း လေယာဉ်ပြေးလမ်း၊ တပ်တွင်းစျေးဆိုင်၊ခန်းမဆောင်နှင့် ဗဟိုကင်း(နေပြည်တော် ရဲတပ်ဖွဲ့(အဆောင်တို့တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။
ထို့ပြင် ကျောက်ထု နယ်မြေရဲစခန်းအတွင်းသို့ ပစ်မှတ်ထားတိုက်ခိုက်သော အဖွဲ့များမှလည်း ပစ်မှတ်ကို သေချာပစ်ခတ်နိုင်ခဲ့ပြီး ဝန်ထမ်းအိမ်ယာများထိခိုက်ပျက်စီးအောင် ပစ်ခတ်ခဲ့သည်ဟု သတင်းရင်းမြစ်က အသိပေးသည်။
အဆိုပါ စစ်ဆင်ရေးအတွင်း ရော့ကတ်အလုံး ၅၀အသုံးပြုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပူးပေါင်းတပ်မှ ရဲဘော်များ အထိအခိုက် အကျအဆုံးမရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ဟု ဆိုသည်။
စစ်ဆင်ရေးအောင်မြင်ထိရောက်မှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နိုင်ကောင်းရွက်က ဂုဏ်ပြုစာ ပေးပို့ခဲ့သည်ဟုလည်း ဆောမြို့နယ် သတင်းရင်းမြစ်က ပြောပြသည်။