မန္တလေးတိုင်း မိုးကုတ်မြို့နယ်အတွင်းရှိ တအာင်းတပ်မတော်(TNLA) တပ်စခန်းကို စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း TNLAက ယနေ့ သတင်းထုတ်ပြန်သည်။
TNLA တပ်မဟာ(၂)နယ်မြေ မိုးကုတ်မြို့နယ် ညောင်ကုန်းရွာရှိ TNLA တပ်စခန်းကို စစ်ကောင်စီက မေလ ၄ရက်ညပိုင်း၌ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ဟု ဖော်ပြသည်။
စစ်ကောင်စီလက်အောက်ခံ ခလရ-၁၄၈နှင့် ခလရ- ၇၁က ဖြူရောင်ကျေးရွာမှနေ၍ ညောင်ကုန်းကျေးရွာရှိ TNLA တပ်စခန်းကို လက်နက်ကြီး လေးလုံးအပြင် လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်ခဲ့သော်လည်း ထိခိုက်သေဆုံးမှု မရှိခဲ့ဟု ထုတ်ပြန်သည်။
ယခုနှစ် ဇန်နဝါရီ ၁၁ရက်တွင် တရုတ်၏ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီတပ်နှင့် TNLA ပါဝင်သည့် ညီနောင်မဟာမိတ် သုံးဖွဲ့တို့အကြား ရှမ်းပြည်နယ်မြောက်ပိုင်း၌ ယာယီအပစ်ရပ်ရန် သဘောတူစာချုပ်ခဲ့ကြောင်း၊ ထိုသို့ အပစ်ရပ်ပြီးနောက်ပိုင်း စစ်ကောင်စီက ညီနောင်မဟာမိတ်တပ်များ၏ စခန်းနေရာများသို့လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းအသုံးပြုကာ လာရောက်ဗုံးကြဲခြင်းများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြသည်။
ပြီးခဲ့သည့် ဧပြီ ၂၇ ရက်နှင့် ၂၈ ရက်ကလည်း စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နောင်ချိုမြို့နယ် သုံးဆယ်ကျေးရွာရှိ အမျိုးသမီးတစ်ဦးထိခိုက်ကာ နေအိမ်ပျက်စီးမှုရှိခဲ့သည်ဟု အသိပေးထားသည်။
TNLA သည် ၂၀၂၃ အောက်တိုဘာ ၇ရက်က ကိုးကန့် MNDAA၊ ရက္ခိုင် AA တပ်များနှင့်အတူ ပူးတွဲ ပြုလုပ်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်း ၈၀ ကျော်ကို သိမ်းပိုက် ကာ ကွတ်ခိုင်၊ နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ နမ္မတူ၊ မိုင်းလုံ၊ မိုင်းငေါ့ မြို့ ၇မြို့ကို အလုံးစုံ ထိန်းချုပ် နိုင်ခဲ့သည်။