ကချင်ပြည်နယ် မိုးမောက်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အတည်ပြုသည်။
မေလ ၇ရက်တွင် မိုးမောက်ရဲစခန်းကို သိမ်းပိုက်ပြီးနောက် မြို့ပေါ်ရှိ စစ်ကောင်စီတပ်များကို KIAက ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များ ထွက်ပြေးသွားကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့ကအတည်ပြု ပြောကြားသည်။
အခြား ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း မိုးမောက်မြို့တွင်း လိုက်လံချေမှုန်းရာ စကစများကြံခင်းရွာဘက် ဆုတ်ခွာ ထွက်ပြေးသွား၍ မေလ ၈ရက် ညနေ ၆နာရီတွင် မြို့ကို ထိန်းချုပ်ထားနိုင်ပြီဟု အသိပေးသည်။
ထို့ကြောင့် မြို့အပြင်ရှိ ခမရ-၄၃၇ တပ်စခန်းသာ ကျန်ရှိတော့ဟုလည်း စစ်ရေးသတင်းရင်းမြစ်က အသိပေးထားသည်။
KIAသည် မတ်လ ၇ရက် ထိုးစစ်အရှိန်မြှင့်တင်ခဲ့သည့် အချိန်မှ စ၍ မိုးမောက်မြို့နယ်ရှိ တပ်ရင်းဌာနချုပ် အများအပြားကို သိမ်းပိုက်ထားပြီးဖြစ်သည်။ ဒေါ့ဖုန်းယန်၊ ကုန်းလော၊ မြို့သစ်၊ နွမ့်လန်း အပါအဝင် မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်များ၊ မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကိုသိမ်းပိုက်ထားပြီးဖြစ်သည်။
မေလ ၇ရက်တွင် မြို့ကို ဦးတည်ထိုးစစ်ဆင်ရာ ရဲစခန်းကိုသိမ်းနိုင်ပြီး ယနေ့( မေ ၈ ရက်) ညနေတွင် မြို့ကိုထိန်းချုပ်နိုင်သည့် အခြေအနေ ဖြစ်ကာ ကျန်နေသည့် တပ်စခန်း အချို့ကိုသာ တိုက်ခိုက်သိမ်းပိုက်ပြီးပါက မိုးမောက်မြို့နယ်တစ်ခုလုံးထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။
မေလ ၇ရက်ကလည်း မိုးမောက်နှင့်ဆက်စပ်နေသည့် ဗန်းမော်မြို့နယ်မှ စစ်ကောင်စီ တပ်စခန်းအချို့၊ ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီနှင့်ပြည်သူ့စစ် တပ်စခန်းအချို့၊ မံစီရဲစခန်းတို့ကို KIAက သိမ်းပိုက်ခဲ့သည်။