မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် PDF စခန်းနှင့်ကံသစ်ကျေးရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူ ၂၆ ဦးကို ဖမ်းဆီးသွားသော စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲတိုက်ခိုက်ရာ အဆိုပါ စစ်တပ်စစ်ကြောင်း ပြန်လည် ဆုတ်ခွာသွားကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
မေလ ၈ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန် စစ်ကောင်စီတပ်က မြိုင်မြို့နယ်တွင် PDF စခန်းတစ်ခုနှင့် ကံသစ်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ကျေးရွာကိုမီးရှို့ပြီး ပြည်သူ ၂၆ ဦးကိုလူသားဒိုင်းအဖြစ် ဖမ်းဆီးသွားကြောင်း၊ ပြည်သူ့ပိုင် ပစ္စည်းများနှင့်ဆိုင်ကယ်များကို ခိုးယူသွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ စစ်တပ်စစ်ကြောင်းကို မေလ ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန် ကန်တော်ရွာနင့်ကံသစ်ရွာအကြားတွင် မိုင်းသုံးပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် ဒရုန်းဖြင့် ဗုံး အလုံး ၂၀ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း ၊ ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ ၄ ဦးဒဏ်ရာရရှိပြီး ခိုးယူ လုယက်လာသော ကား၊ ဆိုင်ကယ်များနှင့်ပစ္စည်း များကို ယူဆောင်နိုင်ခြင်းမရှိတော့ဘဲ မီးရှို့ဖျက်ဆီးကာ ကန်တော်အထိုင်တပ်စခန်းအတွင်းသို့ ဆုတ်ခွာသွားကြောင်း၊ ယင်းနောက် မေလ ၈ ရက်နေ့ ညနေ ၄ နာရီအချိန် ကန်တော်ရွာ အထိုင်တပ်စခန်းမှ တပ်မ ၁၀၁ သို့ စစ်ကား ၃ စီးဖြင့် ထပ်မံ ဆုတ်ခွာသွားကြောင်း သိရှိရသည်။
တိုက်ခိုက်မှုကြောင့် ဆုတ်ခွာ ထွက်ပြေးသွားသော စစ်ကောင်စီတပ်များထံမှ နင်းမိုင်း ၁ လုံး၊ G-3 ကျည် ၃၀ တောင့် ၊ ခွန်းဗုံးသီး ၂ လုံး၊ စစ်ဦးထုပ် ၁ လုံး၊ ဓာတ်မီး ၁ လက်၊ ဖုန်း ၂ လုံး၊ ၄၀ မမ ၁၄ လုံး၊ MA ကျည်ဘောက် ၃ ခု၊ 5.56 ကျည် ၅၀ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
စစ်ဆင်ရေး တိုက်ခိုက်မှုတွင် မြိုင်ပကဖ နှင့် ကမ္မတပ်ပေါင်းစု (KGF)၊ ကမ္မတပ်ပေါင်းစု တပ်ခွဲ ၂၊ ပခုက္ကူခရိုင် တပ်ရင်း ၁၀ ၊ PDF ကမ္မ တပ်ခွဲ ၁/၂/၃၊ တပ်ရင်း ၁၃ ၊ PKU ပကဖ၊ Pakokku People`s Defense Force ၊ The Red Revolvers၊ PKU Red Giant ၊ ကမ္မတပ်ပေါင်းစု၊ PKU Thurain ၊ DMG (ဓားမင်းကြီး)၊ Red Dragon၊ Black Cobra ၊ Kamma Underground ၊ Kamma People Defense Force (KMDF) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။