ပျက်ကျခဲ့သည့် ရဟတ်ယာဥ်နေရာသို့ လာရောက်သည့် စစ်ကောင်စီယာဥ်တန်း ကားမိုင်းမိခဲ့၍ သေဆုံးထိခိုက်သူများရှိကြောင်း ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ-KNPLF) ဗျူဟာ ၁ က ယနေ့(မေလ ၉ ရက်)ထုတ်ပြန်သည်။
“ပျက်ကျသော လေယာဥ်ကိုကူညီဖို့လာသောကား ကားမိုင်းနင်းမိပြီး မွင်းခါးပွဲရေတိုး”ဟု ရေးသားဖော်ပြထားသည့် ရုပ်သံဖိုင်မှတ်တမ်းအရ မိုင်းထိ၍ ပျက်စီးနေသော ဒန်ဘာကားတစ်စီးနှင့် ၎င်းဘေးတွင် ဖိုးဝီးတစ်စီးကို တွေ့ ရသည်။
“ဘော်လခဲ-ဖားဆောင်း လမ်းပေါ်မှာ ပွန်ချောင်းနဲ့ ထူးချောင်းဆုံတဲ့ နေရာမှာ ထူးချောင်းတံတား ရှိတယ်။ ထူးချောင်းကနေ ဘောလခဲမြို့နယ်ဖက်ကို လာတဲ့ အချိန် ဖြစ်သွားတာပေါ့။ ဒီလ ၆ ရက်နေ့ကပဲ။ ထိခိုက်သေဆုံးတာတော့ အတည်ပြုမရသေးဘူး”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။
ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၌ စစ်ကောင်စီရဟတ်ယာဥ်ကို မေလ ၆ ရက်နေ့က ပစ်ချခဲ့ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံး၊ နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ-KNPLF)ပြောရေးဆိုခွင့်ရှိသူ ရဲဘော်လောရင်စိုးက အတည်ပြုထားသည်။
“ပျက်ကျတဲ့နေရာက ဝေးတယ်။ ပွန်ချောင်းအရှေ့ဘက်လောက်မှာ၊ ဘော်လခဲနားကပ်သွားတာပေါ့။ MI 2 ထင်တယ်။ MI 2 (တိုက်ခိုက်ရေးရဟတ်ယာဥ်)လို့ပြောတယ်” ဟု ကလလတ၏ တွဲဖက်အထွေ ထွေအတွင်းရေးမှူးလည်းဖြစ်သူ ရဲဘော်လောရင်စိုးက People’s Spring ကို ပြောသည်။
မေလ ၆ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် စစ်ကောင်စီ ရဟတ်ယာဥ်ကို ကရင်နီတပ်ပေါင်းစုများမှ ပွိုင့် (၈)မောင်းပြန် နှစ်လက်ဖြင့် ပစ်ချခဲ့ရာ ရဟတ်ယာဉ်မှာ ဘော်လခဲမြို့နယ်အတွင်းပျက်ကျခဲ့သည်ဟု ကလလတ- KNPLFက အသိပေးထားသည်။
လေကြောင်းအကာအကွယ်ယူကာ ရဟတ်ယာဥ်အပျက်အစီးများ၊ စစ်ကောင်စီအလောင်းများ၊ ဒဏ်ရာရသူများကို ရှင်းလင်းသယ်ဆောင်သွားကြောင်း သိရသည်။
အဆိုပါရဟတ်ယာဥ်သည် ကရင်နီဒေသ ဖားဆောင်းမြို့တွင် နောက်ဆုံးကျန်နေသည့် ခလရ(၁၃၄) နှင့် ခလရ (၁၃၅)သို့ စစ်ကူအဖြစ်လာရောက်ခဲ့ခြင်းဖြစ်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးတပ်များက ပစ်ချဖျက်ဆီးနိုင်ခဲ့သော တိုက်လေယာဥ်၊ ရဟတ်ယာဥ် စုစုပေါင်း ၈ စီး ရှိလာပြီး ကရင်နီတပ်ပေါင်းစုက ၃ စီးပစ်ချထားသည်။